News

POST TAGGED AS

အခွင့်အရေး

ပြည်ထဲရေးနှင့် လဝကအရာရှိကြီးများကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်
ဝါရှင်တန်၊ ဇူလိုင် ၁၁

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းများကို ပြန်လည်လက်ခံမည့်ကိစ္စအား ငြင်းဆန်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနများဖြစ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အကြီးတန်းအရာရှိကြီးအချို့ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြသည်။ 

အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးလိုသည့် ရွှေ့ပြောင်းများကို ပြန်လည်ခေါ်ယူမည့်ကိစ္စအား မြန်မာနှင့်လာအိုနိုင်ငံတို့က ငြင်းဆန်ခဲ့သဖြင့် နှစ်နိုင်ငံစလုံးမှ အစိုးရအရာရှိကြီးအချို့နှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန် ဗီဇာပိတ်ပင်လိုက်ခြင်းဖြစ်သည်။ 

ယင်းအစီအစဉ်သည် သမ္မတဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့လက်ထက် ပြည်နှင်ဒဏ်ပေးသူများအား လက်မခံသော နိုင်ငံများကို ဗီဇာကန့်သတ်ထိန်းချုပ်သည့် နည်းလမ်းဖြင့် လက်တုံ့ပြန်သော မူဝါဒတစ်ရပ်လည်းဖြစ်သည်။ 

ထိုသို့ မိမိတို့ နိုင်ငံသားများကို ပြန်လည်လက်ခံမည့်ကိစ္စအား မြန်မာနှင့်လာအိုတို့က သဘောမတူညီသေးသမျှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ယင်းနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်မဟုတ်ဟု အမေရိကန်အစိုးရက ဆိုသည်။ 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေဌာနနှင့် ပြည်ထဲရေးဌာနများမှ အရာရှိကြီးအချို့ကို ဗီဇာပိတ်ပင်ခြင်းဖြစ်ပြီး လာအိုတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အခြားသောအစိုးရအရာရှိများကို ပိတ်ပင်ခြင်းဖြစ်သည်။ 

အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနှင့်လာအိုတို့သည် အမေရိကန်ပြည်ထောင်စုက ပြည်နှင်ဒဏ်ပေးလိုသည့် ၎င်းတို့၏ နိုင်ငံသားများကို ခရီးသွားလာခွင့် စာရွက်စာတမ်းထုတ်ပေးရန် သို့မဟုတ် ၎င်းတို့အား လက်သင့်ခံပေးရန် ငြင်းဆိုခဲ့သည်ဟု ဖော်ပြသည်။ 

အကယ်၍ အမေရိကသို့ရောက်ရှိနေသည့် ရွှေ့ပြောင်းများအား ပြည်နှင်ဒဏ်ပေးမည့်အစီအစဉ်တွင် သက်ဆိုင်ရာနိုင်ငံများက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အလားတူ ဗီဇာကန့်သတ်ပိတ်ပင်မှု မျိုးထပ်မံပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

F-01



FOLLOW US