News

POST TAGGED AS

အခွင့်အရေး

ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ကြောင်း ကုလသမဂ္ဂဝေဖန်မှုကို ထရမ့် ကာကွယ်တုံ့ပြန်


ဝါရှင်တန် ဇွန် ၆

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများနှင့် ခွဲထားသည့် အမေရိကန်အစိုးရ၏ မူဝါဒသည် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်သောကြောင့် ရပ်ဆိုင်းရန် ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီးနောက် အင်္ဂါနေ့တွင် ထရမ့်အစိုးရက ၎င်း၏မူဝါဒကို ကာကွယ်ပြောဆိုလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းနေထိုင်သူများ နယ်စပ်ဖြတ်ကူးဝင်ရောက်မှုကို တားဆီးရန်အတွက် ထိုသို့ခွဲခြားထားမည့် မူဝါဒကို အကောင်အထည်ဖော်ရန် လွန်ခဲ့သောလက နယ်စပ်လုံခြုံရေးဌာနကို ညွှန်ကြားခဲ့သူထရမ့်က ပြည်တွင်း၊ ပြည်ပဝေဖန်မှုများ ကြီးထွားလာခြင်းအတွက် အတိုက်အခံ ဒီမိုကရက်အမတ်များကို အပြစ်တင်ပြောဆိုခဲ့သည်။

“နယ်စပ်မှာ မိသားစုတွေကို ခွဲထားရတဲ့ကိစ္စက ဒီမိုကရက်တွေ ပြဋ္ဌာန်းခဲ့တဲ့ တလွဲဥပဒေတွေရဲ့ အမှားဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေး ဥပဒေတွေက ပြင်ဆင်ရမှာပါ”ဟု ထရမ့်က ဆိုသည်။

ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကလည်း “လုံးဝသည်းမခံရေး မူဝါဒက ဥပဒေအရ တရားဝင်ပါတယ်။ တစ်လတိုင်းကို နယ်စပ်ကို တရားမဝင် ဖြတ်ကူးလာပြီး နေထိုင်ခွင့်တောင်းနေတဲ့ မိသားစု ထောင်ပေါင်းများစွာကို တားဆီးဖို့အတွက် လိုအပ်ပါတယ်။ တရားမဝင် ဖြတ်ကူးလာရင် ဖိနှိပ်ခံရမှာပဲ။ ကလေးပါလာရင်လည်း ဖိနှိပ်ခံရမှာပဲ။ ကလေးနဲ့ အခွဲမခံချင်ရင် ကလေးတွေကို ခေါ်မလာနဲ့ပေါ့”ဟု ပြောကြားသည်။

သည်းမခံရေးမူဝါဒကို ချက်ချင်းရပ်ဆိုင်းရန် ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီးနောက် ထရမ့်အစိုးရ၏ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးများကို မိဘများနှင့် ခွဲခြားထိန်းသိမ်းထားကာ နယ်စပ်လူဝင်မှု ဟန့်တားရေးနည်းလမ်းအဖြစ် အသုံးပြုခြင်းသည် လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာရှမ်ဒါဆာနီက ပြောကြားသည်။

ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက ကုလလူ့အခွင့်အရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများစွာ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုထားပြီးမှ အမေရိကန်အပေါ်ဝေဖန်ကာ အသံကောင်းဟစ်ပြနေသည်ဟု တုံ့ပြန်ပြောဆိုသည်။

အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူများသည် အောက်တိုဘာလကတည်းက နယ်စပ်ဖြတ်ကူးလာသော မိသားစုများမှ ကလေးများကို ခွဲခြားထိန်းသိမ်းခဲ့ကြရာ အများစုမှာ သီတင်းပတ်များစွာ ကြာပြီးနောက်တွင် ပြန်လည်ပေါင်းစည်းခဲ့ကြသည်ကို တွေ့မြင်ရသည်။

သို့ရာတွင် တရားမဝင်ဖြတ်ကူးလာ သူများအား ဖမ်းဆီးပြီး ရာဇဝတ်မှုဖြင့် တရားစွဲဆိုရန် မေလအစောပိုင်းက ညွှန်ကြားပြီးနောက်ပိုင်း မည်သို့ဖြစ်ပျက်နေသည်ကို မသိရသေးပေ။

အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟွန်ဒူရပ်စ် စသော အလယ်ပိုင်းအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများ အမြောက်အမြား စီးဝင်လာမှုကို တားဆီးရန်အတွက် တင်းကျပ်သောမူဝါဒ လိုအပ်သည်ဟု ရှေ့နေချုပ်က ပြောကြားသည်။ 

“အများစုက ဘောင်ဝင်တဲ့ အကြောင်းပြချက်တောင် မရှိကြဘူး။ ပိုက်ဆံရှာမယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ ရောက်လာကြတာ”ဟု ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြောကြားသည်။

သို့သော်လည်း ခွဲခြားထိန်းသိမ်းမှု မူဝါဒသည် အစွန်းရောက်လွန်းသည်ဟု ဒီမိုကရက်အမတ်များနှင့် လူမှုဆိုင်ရာအဖွဲ့များက ဝေဖန်ကြသည်။

ကလေးများအား ထိန်းသိမ်းထားသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒီမိုကရက်အမတ် ဂျက်ဖ်မတ်ကလေက “သံဆူးကြိုးကာထားတဲ့ ခွေးလှောင်အိမ်လို နေရာမျိုးမှာ ကလေးတွေကို ထိန်းသိမ်းထားတယ်။ လေဟာပြင်မှာ အကာအကွယ်လည်း မရှိဘူး။ ဒါက သည်းခံမှုသုညအဆင့် မူဝါဒမဟုတ်ဘူး။ စာနာမှုသုညအဆင့် မူဝါဒဖြစ်နေပြီ”ဟု မှတ်ချက်ပေးသည်။

ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က “ဥပဒေအရ ကလေးတွေကို အရွယ်ရောက် လူကြီးတွေနဲ့ ခွဲထားရပါတယ်။ ကလေးတွေကို မိဘတွေနဲ့ ခွဲရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ လူတွေက အချုပ်ချခံရမယ့် အမေရိကကို နေ့တိုင်းလာနေကြတာကတော့ စိတ်မကောင်းစရာပဲ”ဟု ပြောကြားသည်။ 

F-04




FOLLOW US