News

POST TAGGED AS

အခွင့်အရေး

ဆယ်ကျော်သက် ကျောင်းသားများကို ကလေးသူငယ်အခွင့်အရေး အသိပညာပေးရန်စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကလေးသူငယ်အခွင့်အရေး မြှင့်တင်ရေးနှင့် လိင်အကြမ်းဖက်ခံရမှုများ ကာကွယ်နိုင်စေရေး သတ္တမတန်း (ခုနစ်တန်း) မှ ဒသမတန်း (ဆယ်တန်း) အထိ ဆယ်ကျော်သက် ကျောင်းသားများကို လာမည့်ဇူလိုင်မှစ၍ ကလေးသူငယ်အခွင့်အရေး အသိပညာပေးရန် ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က စီစဉ်နေသည်။

ကလေးသူငယ်အခွင့်အရေး အသိပညာပေးဟောပြောမှု လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် ရှေ့ပြေးစီမံချက်အဖြစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ အထက်တန်းကျောင်း ၅၂ ကျောင်းကို ဇူလိုင်လတွင် စတင်ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းကွန်ရက်ဥက္ကဋ္ဌ ဦးအာကာစိုးနောင်က “ဆေးပညာရှုထောင့်ကကြည့်ရင် အသက် ၁၂ နှစ်ကျော်မှ လူကြီးလိုဖြစ်သွားပြီ။ အသိပညာတွေအားလုံးကို မှတ်နိုင်ပြီ။ သူတို့ (ကလေးတွေ) စူးစမ်းထားတာကို သူတို့ လက်ခံစုဆောင်းနိုင်ပြီ။ ဒါကြောင့် ဒီအရွယ်တွေကို စပေးတာ”ဟု ပြောကြားသည်။

အထက်တန်းကျောင်းများ၌ အသိပညာပေးရန် လာမည့်ဧပြီလတွင် အစိုးရထံခွင့်တောင်း၍ ခွင့်ပြုချက်ရလျှင် အခြေခံပညာဦးစီးဌာနနှင့် ဆက်သွယ်ကာ Peace Education အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကလေးသူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ထံမှ သိရှိရသည်။

အင်းစိန် အထက (၁) မှ အထက်တန်းပြ ဦးထွန်းမြင့်က “ဒီလိုအသိပညာ ပေးတာကောင်းပါတယ်။ ကလေးတွေအနေနဲ့ သူများတကာရဲ့ နိုင်ထက်စီးနင်း လုပ်တာတွေ၊ မိသားစုတွင်းမှာကိုပဲ မလုပ်သင့်တာတွေ၊ လူကြီးတွေက ကလေးတွေရဲ့ အခွင့်အရေးပိတ်ပင်တာတွေကို ကလေးတွေအနေနဲ့ ရှောင်တတ်သွားတာပေါ့”ဟု ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်က ရန်ကုန်ပညာရေးတက္ကသိုလ်၌ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ယင်းကွန်ရက်တို့ ပူးပေါင်းပြုလုပ်သော အခြေခံပညာဗဟိုပြု ငြိမ်းချမ်းရေး အသိပညာပေးဆွေးနွေးပွဲတွင် ယင်းသို့ စီစဉ်နေခြင်းဖြစ်ကြောင်း ဦးအာကာစိုးနောင်က ပြောဆိုခြင်းဖြစ်သည်။ 

J-19



FOLLOW US