News

POST TAGGED AS

အချုပ်အခြာအာဏာ

မည်သည့်အစိုးရဖြစ်စေ၊ မည်သည့်စနစ်ဖြင့်သွားသွား ကာကွယ်ရေးနှင့် နိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း တပ်/ချုပ် ပြောကြား


နေပြည်တော်၊ မတ် ၂၇

မည်သည့်အစိုးရဖြစ်စေ၊ မည်သည့်နိုင်ငံရေးစနစ်ဖြင့် သွားနေပါစေ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရမည်မှာ အဓိကတာဝန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“ဘယ်အစိုးရ ဘယ်နိုင်ငံရေးစနစ်နဲ့သွားသည်ဖြစ်စေ တို့တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၇၃ နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်စစ်ရေးပြကွင်းတွင် ယနေ့ (မတ် ၂၇ ) နံနက်ပိုင်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် တိုင်းပြည်၏နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းများ မည်မျှပြောင်းလဲနေစေကာမူ ယင်းဖြစ်စဉ်များမှာ တပ်မတော်အနေနှင့် မည်သည့်တိုက်တွန်းချက်မှ မပါဝင်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

ယင်းအပြင် NCA မှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရာမှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် NCA အတွက်မဖြစ်နိုင်သည့်အချက်များကို တောင်းဆို၍ အချိန်ဆွဲနေခြင်းထက် ဖြစ်သင့်သည်များကို ညှိနှိုင်းခြင်းသည် ပိုမိုလက်တွေ့ဆန်မည့် အနေအထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့ဘာသာအပြင် အခြားကိုးကွယ်မှုများ ရှိနေသည့်အတွက်လည်း ဘာသာရေး အထင်အမြင်လွဲမှားအောင် ပြောဆိုနေမှုများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း တပ်ချုပ်က ထပ်လောင်းပြောကြားသည်။

S-01



FOLLOW US