News

POST TAGGED AS

အချုပ်အခြာအာဏာ

မောင်တောတွင် “မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် နယ်စပ်မြို့တော်”ဆိုင်းဘုတ်တင်မည်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၉ 

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်စပ်မြို့တော် ဆိုသည့်စာသားဖြင့် မုခ်ဦးဆိုင်းဘုတ် တင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။ 

အဆိုပါ ဆိုင်းဘုတ်ကို ရခိုင်ပြည် နယ်အစိုးရ၏ တင်ဒါပိုလျှံငွေနှင့် အထွေထွေ ပိုလျှံငွေ ကျပ်သိန်း ၈၀ဝ နှင့် မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပိုလျှံငွေ ကျပ်သိန်း ၉၀ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၈၉၀ ကျပ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဆိုင်းဘုတ်အတွက် ပန္နက်တင်မှုကို ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ မုခ်ဦး ဆိုင်းဘုတ်မှာ ယခင်က ရခိုင်ပြည်နယ်၏ နယ်စပ်မြို့တော် မောင်တောမြို့ဟု ရေးသားထားပြီး ၂၀၁၇ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့ကြောင်း၊ ယခု အသစ် တည်ဆောက်မည့် မုခ်ဦးဆိုင်းဘုတ်နာမည်၌ အချုပ်အခြာ အာဏာပိုင် စာသားများ ပါဝင်နေခြင်းကြောင့် ပြည်သူများမှာ ဝေဖန်ပြောဆိုမှုများ ရှိလာကြသည်။

“အချုပ်အခြာ အာဏာပိုင်ကို ထည့်ဖို့မလိုဘူးထင်တယ်။ ဒါကပြည်သူတွေအတွက် ဘဝင်မကျစရာ ဖြစ်သွားတာပေါ့၊ ပြောရရင် မောင်တောမြို့ဟာ အရင်က အချုပ်အခြာအာဏာ မရှိဘူးလား”ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းကပြောသည်။

အသစ်တည်ဆောက်မည့် ဆိုင်းဘုတ် ဒီဇိုင်း ရေးဆွဲရန်အတွက် မြို့မိ၊ မြို့ဖ၊ လွှတ်တော်ကိုယ်စားလှယ် စသည်များနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း၊ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်ပြရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင် နယ်မြေထဲမှာဖြစ်လို့ ထည့်တာဖြစ်တယ်၊ ဒါကတော့ ခရိုင်အုပ်ချုပ်ရေးမှူး သဘောပဲ”ဟု အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။ 

R-22



FOLLOW US