News

POST TAGGED AS

အချုပ်သား

ရေကြီး၍ မုတ္တမဆေးရုံမှလူနာများ မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့


မော်လမြိုင်၊ ဇူလိုင် ၈

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံတွင် ဇူလိုင်လ ၇ ရက် ညနေပိုင်းက ဒုတိယအကြိမ် ရေဝင်ရောက်သဖြင့် ဆေးရုံတင်လူနာများကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ရွှေ့ပြောင်းထားရကြောင်း မုတ္တမတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာဇာနည်အောင်က ပြောကြားသည်။ 

“အားလုံး လူနာ ၃၂ ယောက်ရှိတယ်၊ ၃၁ ယောက်ကိုတော့ မော်လမြိုင်ဆေးရုံပို့လိုက်တယ်၊ တစ်ယောက်ကတော့ ပြန်ခိုင်းလိုက်တယ်၊ လတ်တလောမှာတော့ ဒီဆေးရုံမှာ လူနာတွေကို လက်မခံသေးဘူး၊ နောက်တစ်ခေါက် ရေဝင်မှာစိုးရိမ်လို့ပါ၊ ရေမဝင်အောင် အရင်လုပ်ပြီးမှ လူနာတွေကို ပြန်လက်ခံမှာပါ”ဟု ၎င်းက ဆိုသည်။ 

မုတ္တမတိုက်နယ်ဆေးရုံဝင်းတွင် ရေ ၂ ပေခန့်တက်နေပြီး ဆေးရုံအဆောက်အအုံတွင် ရေ ၁ ပေခန့် ဝင်ရောက်ခဲ့ကြောင်း၊ ဆေးရုံရှိလူနာများကို နန်းဦးစာသင်တိုက်မှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ရွှေ့ပြောင်းပေးခဲ့ကြသည်။

“ရေက လူနာခုတင်တော့ မမြုပ်ဘူး၊ ကော်ရစ်တာထဲဝင်လာလို့ လူနာတွေကို ရွှေ့လိုက်တယ်၊ လူနာတွေကတော့ မွေးလူနာလည်းပါတယ်၊ မွေးကင်းစကလေးတွေရောပဲ၊ ကျွန်တော်တို့ အမြန်ပဲရွှေ့လိုက်တယ်၊ အရင်တစ်ခါလိုမျိုး ဖြစ်မှာစိုးရိမ်လို့ပါ”ဟု မုတ္တမ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာဇာနည်အောင်က ပြောသည်။

ဒုတိယအကြိမ် ဆေးရုံဝင်းထဲသို့ ဝင်သည့်ရေမှာ ပုံမှန်ရွာသွန်းသည့် မိုးရေဖြစ်သော်လည်း ဆေးရုံအရှေ့ဘက်ကားလမ်းမှ ကျလာသည့် ရေများက ဆေးရုံတွင်းသို့ ရေများလှိမ့်ဝင်လာခြင်းဖြစ်ကြောင်း၊ ယင်းရေများဆေးရုံထဲ ဝင်လာခြင်းမရှိစေရန် မြောင်းများတူးဖော်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ 

မုတ္တမဆေးရုံတွင်းရေကြီးမှုကို ဇူလိုင်လ ၈ ရက်က မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင် လာရောက်၍ ရေမြောင်းစနစ်များကို ကြည့်ရှုခဲ့ကြောင်း၊ ယင်းအပြင် မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကလည်း ဆေးရုံအခြေအနေများကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“ဝန်ကြီးလာတုန်းကတော့ ဆေးရုံအနောက်က ရေတားတမံကို အနက် ၆ ပေ အကျယ် ၁၅ ပေတူးဖို့ ရေက အနက် ၆ ပေကျော်မှ ရေလျှံလိမ့်မယ်၊ နောက်ပြီး ဆေးရုံရှေ့ လမ်းနှစ်ဖက်လုံးမှာ မြောင်းတူးဖို့အတွက် တောင်ပေါ်က ကျလာတဲ့ရေတွေ ဆေးရုံထဲကိုလျှံပြီး မဝင်လာအောင် တားနိုင်မယ်လို့ စည်ပင်ဝန်ကြီးက ပြောထားပါတယ်”ဟု မုတ္တမဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၈ ရက်တွင် မုတ္တမဆေးရုံ၌ ရေများကျသွားသော်လည်း သန့်ရှင်းရေးများ ပြန်လည်လုပ်ဆောင်နေရပြီး နောက်တစ်ကြိမ် ရေထပ်ဝင်မည်ကို စိုးရိမ်နေရကြောင်း၊ လက်ရှိတွင် ဆေးရုံတွင် ရေကြီးပါက အရေးပေါ်အသုံးပြုနိုင်သည့် အသက်ကယ်ဗောများကို ထားရှိထားကြောင်း ယင်းဆေးရုံထံမှသိရသည်။

မွန်ပြည်နယ်တွင် ဇွန်လ ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးသဖြင့် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လူသုံးဦးသေဆုံးကာ လူ ၇၀၀၀ ကျော် ရေဘေးရှောင်ခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။ 

R-21




FOLLOW US