News

POST TAGGED AS

အကျိုးဆောင်လုပ်ငန်း

ထွန်းတောက် အကျိုးဆောင်လုပ်ငန်း လိုင်စင်လျှောက်ထားခြင်းမရှိဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၈

တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ၁၅၃ လမ်းထိပ်ရှိ သုံးလွှာတိုက်ခန်းတွင် ဖွင့်လှစ်ထားသော ထွန်းတောက် အကျိုးဆောင်လုပ်ငန်းမှာ လိုင်စင်လျှောက်ထားခြင်းမရှိကြောင်း တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့ထံမှ တာဝန်ရှိသူများက ပြောကြားသည်။

“စည်ပင်နဲ့ပတ်သက်တဲ့ လိုင်စင် မပေးထားသလို အဲဒါက စည်ပင်နဲ့လည်း မဆိုင်ဘူး။ အချို့ကိစ္စတွေက ပြည်ထဲရေးဆီ ဦးတိုက် လိုင်စင်လျှောက်ထားတာမျိုးတွေလည်း ရှိတတ်တယ်”ဟု တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးယုလေးအောင်က ပြောသည်။

ထွန်းတောက်အကျိုးဆောင် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း ရှိမရှိနှင့် ပတ်သက်၍ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံသို့ သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့ရုံးတွင် မှတ်ပုံတင်လိုင်စင် လျှောက်ထားခြင်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“ပြည်ထဲရေးဆီ ဦးတိုက်လိုင်စင် လျှောက်ထားတယ်ဆိုရင်လည်း ထွေအုပ်ရုံးက သိရမှာပါလေ။ ဘာကြောင့်ဆို ပြည်ထဲရေးက ထွေအုပ်နဲ့ဆိုင်တယ်။ မှတ်ပုံမတင်ထားရင်တော့ ဌာနဆိုင်ရာတွေလည်း ဘယ်သိကြမလဲပေါ့။ ကျွန်တော်တောင် ထွန်းတောက်ဆိုတာကို သတင်းတွေမှာ တက်လာမှ သတိထားမိတာ”ဟု တာမွေမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။ 

မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတို့တွင် လိုင်စင်လျှောက်ထားခြင်း မရှိဟုဆိုသော ထွန်းတောက် အကျိုးဆောင်လုပ်ငန်းမှာ ၎င်း၏ တိုက်ခန်းတွင် ဆိုင်းဘုတ်တင်ထားခြင်း မရှိဘဲ အိမ်အကူ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်ကြောင်း ဗျိုင်းရေအိုးစင် ရွာမရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လက်ထက်တုန်းကတော့ ထွန်းတောက်နဲ့ပတ်သက်ပြီး လာတိုင်ကြားမှုတွေ ရှိခဲ့ဖူးတယ်။ အိမ်ဖော်ခေါ်သွားတဲ့ အိမ်ရှင်တွေဘက်က အဆင်မပြေမှုတွေ၊ ပွဲခပေးရတဲ့ ကိစ္စတွေရယ်လို့တော့ ကြားသိရတယ်။ ကျွန်တော့်လက်ထက်မှာတော့ ဘယ်သူမှ လာမတိုင်ဖြစ်ကြဘူး။ ထွန်းတောက်က ဆိုင်းဘုတ်မထောင်ထားဘူးဆိုပေမယ့် သူတို့ဟာက လိုင်စင် ရှိမရှိဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး”ဟု ဗျိုင်းရေအိုးစင်ရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

အဆိုပါ ထွန်းတောက် အကျိုးဆောင်လုပ်ငန်းမှ ပိုင်ရှင်ဖြစ်သူ ဒေါ်မြင့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းတွင် အိမ်အကူ မခင်မာမြင့်၊ ပွဲစား ဒေါ်ညိုတို့နှင့်အတူ ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်ပြီး လက်ရှိ ၎င်းမှာ တိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အကယ်ဒမီသရုပ်ဆောင် ဇင်မာဦးက တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၃၈၉ ဖြင့် အရေးယူထားသည့် သုံးဦးတွင် ပါဝင်သော ဒေါ်မြင့်မှာ သီဟတင်စိုးအား မုဒိမ်းမှုဖြင့် စွပ်စွဲ၍ ခြောက်လှန့်ငွေတောင်းယူခဲ့စဉ်အချိန်က ပွဲစားဒေါ်ညို၊ အိမ်အကူ မခင်မာမြင့်တို့နှင့်အတူ ရှိနေခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းအပြင် ဒေါ်မြင့်၏ ခင်ပွန်းဖြစ်သူ ဦးဌေးဝင်းမှာလည်း ပဲခူးမြို့ရှိ ပွဲရုံလုပ်ငန်းပိုင်ရှင်၏ လူယုံတပည့် အမျိုးသားတစ်ဦးကို အိမ်အကူ မခင်မာမြင့်အား သားမယားအဖြစ် ပြုကျင့်မှုဖြင့် ကျပ်သိန်းတစ်ရာ နစ်နာကြေးပေးရန် ခြောက်လှန့်ငွေတောင်းယူခဲ့သည့် ပွဲစားဒေါ်ညိုတို့နှင့်အတူ လိုက်ပါခဲ့ဖူးကြောင်း ပွဲရုံပိုင်ရှင် ဦးဝင်းမင်းထံမှ သိရသည်။

အဆိုပါ ဦးဌေးဝင်းမှာ ပဲခူးမြို့နယ်တရားရုံးတွင် မုဒိမ်းမှုဖြင့် မခင်မာမြင့်က တရားလိုပြု တရားစွဲဆိုထားသော ကိုအောင်နိုင်ထွန်း၏ အမှုတွင် တရားလိုပြ သက်သေအဖြစ် အစစ်ဆေးခံရန် ကျန်ရှိနေသူဖြစ်ကြောင်း ပဲခူးမြို့နယ် တရားသူကြီး ဦးစိုးမင်းထံမှ သိရသည်။

S-03




FOLLOW US