News

POST TAGGED AS

အကျဉ်းထောင်

ကျိုင်းတုံတွင် ပထမဆုံးအကြိမ် ကြက်ခြေနီအကြောင်းသိ ကောင်းစရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်
ကျိုင်းတုံ၊ မေ ၁၃

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့မိမြို့ဖများ ဦးဆောင်သည့် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မေလ ၁၅ ရက်က စတင်၍ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဝင်များနှင့် ပထမဆုံးအကြိမ် ကြက်ခြေနီအကြောင်း သိကောင်းစရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ယင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေကပြောကြားသည်။

“ကြက်ခြေနီဆိုတာ ရှေးဦးသူနာပြုစုတာ တစ်ခုတည်း လုပ်ဆောင်တာ မဟုတ်ပဲ သဘာဝဘေးအန္တရာယ်တွေမှာလည်း ကူညီဆောင်ရွက်ပေးနေသလို နိုင်ငံတစ်ကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အကြောင်းတွေကို ကော်မတီဝင်တွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ သုံးရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ရတာပါ” ဟု ၎င်းက ဆိုသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများအစား မြို့မိမြိုဖများနှင့် ပြင်ဆင်ဖွဲ့စည်းထားသည့် မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် လှုပ်ရှားဆောင်ရွက်ရန်အတွက် အဆိုပြုလွှာ တင်သွင်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ကူညီရန်အတွက် ပထမဆုံးလှုပ်ရှားမှုအဖြစ် မေလ ၁၀ ရက်မှ ၁၃ ရက်အထိ ရန်ပုံငွေ ရှာဖွေပွဲကျင်းပနိုင်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်ခင်မမက ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်၊ ခရိုင်နှင့်ပြည်နယ်/တိုင်းကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်၍ ဌာနဆိုင်ရာများအစား မြို့မိမြို့ဖများ ဦးဆောင်သည့် ကော်မတီများအဖြစ် ပြင်ဆင်ဖွဲ့စည်းထားကြောင်း၊ ကျိုင်းတုံမြို့၌ ပထမဆုံး ကျင်းပမည့် ကြက်ခြေနီအကြောင်း သိကောင်းစရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ကော်မတီဝင် ၆၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ - ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များ ရန်ပုံငွေ မြှင့်တင်ရေး လှုပ်ရှားမှု ပြုလုပ်နေပုံ)

R-16



FOLLOW US