News

POST TAGGED AS

အကျဉ်းထောင်

ထားဝယ်အကျဉ်းထောင်တွင် သတင်းစာနှင့် ဂျာနယ်အချို့ လွယ်ကူစွာ ဖတ်ခွင့်ပြုရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု
ထားဝယ်၊ မေ ၂၈

ထားဝယ်အကျဉ်းထောင်တွင် သတင်းစာနှင့် ဂျာနယ်အချို့ကို လွယ်ကူစွာ ဖတ်ခွင့်ပြုရန် အပါအဝင် အကြံပြုချက် ၁၁ ချက်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မေလ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကော်မရှင်က ထားဝယ်ထောင်တွင် မေလ ၈ ရက်မှ ၁၀ ရက်အထိ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြုပြင်သင့်သည့်အချက် ၁၁ ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနထံ ပေးပို့အကြံပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုချက်တွင် ထောင်တွင်းရှိ အိပ်ဆောင်များတွင် ကြမ်းပိုးပေါများနေသဖြင့် ပိုးသတ်ဆေး ပုံမှန်ဖျန်းပေးရန်၊ အတန်းပညာ ဆက်သင်လိုသည့် အကျဉ်းသား/သူများ သင်ကြားနိုင်ရေး အဆင့်ဆင့် တင်ပြဆောင်ရွက်ရန်၊ ထောင်ဝင်စာတွေ့သည့်အခန်းရှိ အပေါက်က ကျဉ်းလွန်းပြီး တစ်ဖက်ကို မမြင်ရ သည့်အတွက် နည်းလမ်းရှာ ဆောင်ရွက်ရန် အစရှိသည့် အချက်များကို အကြံပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် လူ့အခွင့်အရေး ကော်မရှင်က တွေ့ဆုံမေးမြန်းခဲ့သည့် အကျဉ်းသားများကို လက်တုံ့ပြန် အရေးယူမခံရစေရေး အလေးထား ဆောင်ရွက်ပေးရန်ဆိုသည့် အချက်လည်း ပါဝင်သည်။

လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုချက်များက ကောင်းသည့်အချက်များဖြစ်ပြီး ထောင်တွင်း စားသောက်ရေး၊ ကျန်းမာရေးကိစ္စများကို အကောင်းဆုံး လုပ်ဆောင်ထားကြောင်း ထားဝယ် အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြုပြင် လုပ်ဆောင်သွားမယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသား ၇၀၀ ကျော်ရှိကြောင်း ထောင်တာဝန်ရှိသူထံမှ သိရသည်။ 

Dawei Watch



FOLLOW US