News

POST TAGGED AS

အကျဉ်းထောင်

01-Apr-2018

အကျဉ်းသား
လှေလှော်အင်းအကျဉ်းစခန်းမှ အကျဉ်းသားတစ်ဦး ထွက်ပြေးလွတ်မြောက်
ရန်ကုန်၊ မတ် ၃၁ 

လှည်းကူးမြို့နယ်၊ လှေလှော်အင်း ရဲဘက်အကျဉ်းစခန်းတွင် မတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လုယက်မှုဖြင့် ထောင်ဒဏ်လေးနှစ် ကျခံနေရသူ အသက် ၃၄ နှစ်အရွယ် အကျဉ်းသားတစ်ဦး အကျဉ်းထောင်ရှိ မော် တော်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ အလယ်ပိုင်းရပ်ကွက်၊ ဦးမောင်မောင်လမ်း တွင်နေထိုင်သူ အသက် ၃၄ နှစ်အရွယ် အေးမင်းထွန်း(ခ)အငယ်လေးသည် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက် ည ၇ နာရီခန့်က ဒဂုံမြို့နယ်၊ ပြည်လမ်းအနီး၌ အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက် စွပ်တစ်ကွင်းနှင့် လက်ကိုင်ဖုန်းနှစ်လုံး လုယက်မှုဖြင့် ၂၀၁၇ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့ရာ အကျဉ်းထောင်တွင် ၂ နှစ် ၄ လ ၁၆ ရက်ကျခံပြီး တစ်နှစ် ၇ လ ၁၄ ရက်ကျခံရန် ကျန်ရှိနေချိန် ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“နောက်ရက်မှာ အင်းစိန်ထောင်ကိုသွားပြီး ရဲဘက် ထုတ်ဖို့ရှိတဲ့အတွက် ကားပြင်တာ၊ ကားပြင်ပြီးတော့ စက်စမ်းမောင်းမယ်ဆိုပြီး မောင်းသွားရာကနေ ပျောက်သွားတာ။ ကားရော၊ လူရော ပြန်ရောက်မလာမှဘဲ ထွက်ပြေးသွားတယ်ဆိုတာ သိပြီးလိုက်ရှာတော့ ကားက ည ၁၂ နာရီခွဲလောက်မှာ ပြန်တွေ့တယ်။ လှော်ကား ရဲအကြပ် သင်တန်းကျောင်းနားမှာ ပြန်တွေ့တာ။ လူကတော့ အခုထိ ပြန်မတွေ့သေးဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ထွက်ပြေးလွတ်မြောက်သွားသူ အကျဉ်းသား အပါအဝင် သုံးဦးတို့သည် မတ်လ ၃၀ ရက်နေ့တွင် အင်းစိန် (ဗဟို) အကျဉ်းထောင်မှ ရဲဘက်သားများထုတ် ယူရန်ရှိသဖြင့် အကျဉ်းစခန်းပိုင် ဟွန်ဒိုင်းမော်တော်ယာဉ်အား စက်ပြင်ဆင်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများရာ အကျဉ်းသား အေးမင်းထွန်း (ခ) အငယ်လေးမှာ မော်တော်ယာဉ်နှင့်အတူ မောင်းနှင်သွားပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းရဲဘက်စခန်းတွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက ခိုးမှုများဖြင့် ထောင်ဒဏ် ရှစ်နှစ် ခြောက်လ ကျခံနေရသူ အသက် ၂၁ နှစ်အရွယ် အကျဉ်းသားနှင့် ထောင်ဒဏ် ၆ နှစ် ကျခံနေရသူ အသက် ၂၁ နှစ်အရွယ် အကျဉ်းသားနှစ်ဦးတို့ မိသားစုဝင်များက လာရောက်တွေ့ဆုံစဉ် တိုယိုတာ ပရိုဘောက်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် မိုင်တိုင်အမှတ် ၃၈ ၌ ပြန်လည်ဖမ်းဆီး အရေးယူခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

J-16



FOLLOW US