News

POST TAGGED AS

အကျဉ်းထောင်

27-Mar-2018

အကျဉ်းထောင်
အကျဉ်းသား ၆၈ ဦး လွတ်ငြိမ်းခွင့်ပေးရန် မတ်လ ၃၁ တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြမည်
ရန်ကုန်၊ မတ် ၂၇

အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၈ ဦးလွတ်ငြိမ်းခွင့်ပေးရန် မိသားစုဝင်များ၏ တင်ပြချက်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ မတ်လ ၃၁ ရက် နောက်ဆုံးထား တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ကျွန်တော်တို့က ဆုံးဖြတ်ပေးနိုင်သူတွေ မဟုတ်ဘူး။ ပြည်ထဲရေးလုပ်ပိုင်ခွင့်နော် အခုက အကျဉ်းသား မိသားစုဝင်တွေက ကော်မရှင်ကို လာအကူအညီ တောင်းကြတာ”ဟု ၎င်းကဆိုသည်။

အကျဉ်းသား ၆၈ ဦးသည် မန္တလေး အိုးဘိုထောင်၊ အင်းစိန်ထောင်၊ မြောင်းမြထောင်၊ ပုသိမ်ထောင်၊ သာယာဝတီထောင်၊ တောင်ကြီး တောင်လေးလုံးထောင်၊ မြစ်ကြီးနားထောင်၊ သရက်ထောင်တို့မှဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အကျဉ်းသား မိသားစုဝင်များက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ လာရောက်အကူအညီ တောင်းခံထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါ အကျဉ်းသား ၆၈ ဦးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ လူသတ်မှုပုဒ်မ (၃၀၂)(ခ)၊ တရားမဝင် ခိုးယူပေါင်းသင်းမှု ပုဒ်မ ၃၆၆၊ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ တို့ဖြင် ဖမ်းဆီးခံထားရသူများ ပါဝင်ခဲ့ကြောင်း ၎င်းထံမှ ဆက်လက်သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အကျဉ်းထောင်တွင် အကျဉ်းသား ကျပ်တည်းမှုကို လျှော့ချရန်နှင့် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျသူများကို ပြန်လည် စိစစ်ပေးရန် ဇန်နဝါရီလ ၁၉ ရက်က သမ္မတထံ တင်ပြခဲ့ကြောင်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၇ ခုနှစ် တစ်နှစ်တာလုံး အကျဉ်းထောင် ၂၆ ခုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US