News

POST TAGGED AS

အကျဉ်းသား

နိုင်ငံရေးအကျဉ်းသား ၃၆ ဦး အပါအဝင် အကျဉ်းသားရှစ်ထောင်ကျော် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်မြောက်


ရန်ကုန်၊ ဧပြီ ၁၈

မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူးကာလ၌ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အေအေပီပီက တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအပါအဝင်၊ အကျဉ်းသားပေါင်း ရှစ်ထောင့်ငါးရာနီးပါး နိုင်ငံတစ်ဝန်းရှိ ထောင်အသီးသီးမှ လွှတ်ပေးလိုက်သည်။

“ဦးထင်ကျော်လက်ထက်တုန်းက တစ်ခါလွှတ်ပေးဖူးတယ်။ ၂၀၁၆ သင်္ကြန်အပြီးမှာပါပဲ။ ဦးသိန်းစိန်လက်ထက်မှာလည်း ရှိခဲ့တယ်။ အဲ့ဒီတုန်းကလည်းများတယ်။ များတယ်ဆိုတာက အဲ့ဒီတုန်းက နိုင်ငံရေးအကျဉ်းသားက အရမ်းများတာကိုး။ ဦးသိန်းစိန်လက်ထက်က လွှတ်လိုက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျန်တယ်။ အဲ့ဒီကျန်တဲ့ ၃၀ က အခု အကုန်လွတ်သွားပြီ။ ကျွန်တော်တို့ စာရင်းစတင်တဲ့အချိန်တုန်းက ၄၄ ယောက်ပါ။ အခုနောက်ကျမှ စာရင်းထပ်ရောက်လာတာ ၁၀ ယောက်ရှိပါတယ်။ ဆယ်ယောက်တော့ ကျန်နေတယ်။ တိုင်းရင်းသားဒေသတွေက ကျန်နေတာ။ နောက် ကိုအောင်ကိုထွေးက လွတ်တဲ့အထဲမှာပါပေမယ့် အခြားအမှုတစ်ခုနဲ့ ကျန်ခဲ့တယ်ဗျာ။ နောက်တစ်ယောက်ကတော့ မိုင်ချိုမင်းထွေးဆိုတာ ပလောင်ကကလေးစစ်သား။ သူက အကျဉ်းဦးစီးအောက်မှာ မရှိတော့ဘဲနဲ့ လူကယ်ပြန်အောက်က လူငယ်သင်တန်းကျောင်းမှာ ရောက်နေတဲ့အတွက်ကြောင့် ပျောက်နေတာပေါ့ဗျာ။ သူတို့တွေလွတ်ဖို့အတွက်လည်း ကျွန်တော်တို့ ဆက်ပြီးတော့ကြိုးစားနေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

အေအေပီပီကတင်ပြထားသည့် နိုင်ငံရေးအကျဉ်းသားများစာရင်းဝင် ၃၆ ဦးအနက် သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ABSDF ကျောင်းသားခေါင်းဆောင် ကိုသံချောင်း (ခ) စဝ်ခွန်ကျော် (ခ) မြင့်စိုးနှင့် ရဟတ်ယာဉ်ပျက်ကျ၍ ကွယ်လွန်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသော ဗိုလ်မှူးဝင်းနိုင်ကျော်အပါအဝင် အကျဉ်းသားရှစ်ထောင်ကျော်သည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) နေ့က ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ပါဂျောင်တွင် ကိုသံချောင်းသည် ABSDF ၏ စစ်ရေးတာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဖမ်းဆီးခံရချိန်၌ RCSS/SSA ရှမ်းပြည်ပြန်လည်လွတ်မြောက်ရေးကောင်စီ၏ ဒုတိယတပ်မဟာမှူး အဖြစ်ထမ်းဆောင်နေချိန် ဖြစ်သည်။ 

ကိုသံချောင်းအနေနှင့် လွန်ခဲ့သော ၂၆ နှစ်က မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှု ပါဂျောင်အရေးအခင်းတွင် ပါဝင်ပတ်သက်နေသူတစ်ဦးအဖြစ်လည်း စွပ်စွဲခံထားရသူဖြစ်သည်။ 

“ကျွန်တော်က သေဒဏ်လေးကြိမ်နဲ့ရက် အကန့်အသတ်မရှိရယ်၊ ထောင်ဒဏ် ၂၈ နှစ်ကျခံထားရတာပါ။ လားရှိုးထောင်မှာ တစ်ရက်ပဲနေခဲ့ရပြီး သာယာဝတီထောင်မှာနေခဲ့ရတာပါ။ ဒီ (သာယာဝတီထောင်) မှာ ၁၂ နှစ်ကျော် ကျခံခဲ့ရပါတယ်” ဟု ကိုသံချောင်းက ထောင်ကထွက်လာချိန်တွင် ပြောကြားသည်။ 

တပ်မတော်အစိုးရလက်ထက်က လျှို့ဝှက်သတင်းများပေါက်ကြားမှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ် ၂၀ ကျခံထားရသူ ဗိုလ်မှူးဝင်းနိုင်ကျော်လည်း ဧပြီလ ၁၇ ရက်နေ့က သာယာဝတီတောင်ကပင် လွတ်မြောက်လာခဲ့သည်။ 

ဗိုလ်မှူးဝင်းနိုင်ကျော်သည် တပ်မတော်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ မြောက်ကိုရီးယားခရီးစဉ် သတင်းအချက်အလက်များ ပေါက်ကြားမှု၊ ရုရှားနှင့်အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံမှု လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြားစေမှုဖြင့် ၂၀၀၉ ခုနှစ်က ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ 

ဗိုလ်မှူးဝင်းနိုင်ကျော်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၀ ပြည့်နှစ်ဇန်နဝါရီလတွင် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရောနစ် ပုဒ်မ ၃၃ (ခ) အရ ထောင်ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက်ဆိုင်သော စာရွက်စာတမ်းများပေါက်ကြားမှု ပုဒ်မ ၆ (၃) အရ ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် နိုင်ငံခြားငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရအလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နည်းတူ ရှမ်းလက်နက်ကိုင်အဖွဲ့ဟောင်းဖြစ်သည့် ရှမ်းပြည်အမျိုးသားတပ်မတော် SSNA မှ တပ်မှူးဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး စိုင်းလုံသည်လည်း အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။ 

ကိုသံချောင်းနှင့် တပ်မတော်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်တို့နည်းတူ မူဆယ်ခရိုင် မုံးကိုးမြို့မှ သင်းထောက်ဆရာများဖြစ်သည့် ဒီဒီနောင်လတ်နှင့်ဦးလန်ဂျော်ဂမ်တို့လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

အဆိုပါသင်းထောက်ဆရာနှစ်ဦးသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) အရ လားရှိုးမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရသူများ ဖြစ်သည်။ 

ထို့အပြင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ထောင်မှလွတ်မြောက်လာသော အကျဉ်းသား ၄၂၈ ဦးအနက် မန္တလေးမြို့တော်ရှိ စွယ်တော်မြတ်စေတီကို ဗုံးခွဲရန်ကြံစည်ခဲ့သူ ဦးသိန်းဇော် (ခ) အရှည်ကြီးလည်း ပါဝင်လာခဲ့သည်။

ဦးသိန်းဇော် (ခ) အရှည်ကြီးကို ၂၀၁၀ ပြည့်နှစ်က မန္တလေးမြို့၌ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇ (၁) နှင့် ဖောက်ခွဲဖျက်ဆီးမှုပုဒ်မတို့ဖြင့် မန္တလေးခရိုင် တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီးနောက် ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီလ ၁၇) နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏အမိန့်ဖြင့် နိုင်ငံသားအကျဉ်းသား ၈၄၉၀ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၅၂ ဦး လွတ်မြောက်လာခဲ့သည်။ 

နိုင်ငံတော်သမ္မတကြီးဦးဝင်းဖြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအနက် အသက် ၈၀ နှစ်နှင့် အထက် ၂၇ ဦး၊ အသက် ၇၅ မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်းသူ ၁၄ ဦး၊ လဝကအက် ၁၃ (၁) အရ နိုင်ငံခြားသား ၄၄ ဦး၊ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၂၂၀ ဦး၊ ပြစ်ဒဏ်ကျခံရန် သုံးနှစ်နှင့်အောက်ကျန်နေပြီး မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျနေသူ ၁၆၈၀ ဦး၊ ပြစ်ဒဏ်ကျခံရန် သုံးနှစ်နှင့်အောက်ကျန်နေပြီး တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၈၈၀ ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၄၁ ဦး၊ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး၊ နိုင်ငံသား အကျဉ်းသူတစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသားရှစ်ဦး၊ အကျဉ်းသား ခုနစ်ဦးရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး (မှူးဇော်) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအနက် အင်းစိန်ထောင်မှ ဦးအောင်မျိုးသူ၊ ဦးမင်းမင်းထွန်း၊ စောဂေသမူ၊ စောဝါလေး (ခ) စောထွန်း၊ စိုင်းတင်မင်းထွန်း၊ ဦးဇော်သက်အောင်၊ ဦးဇော်မင်းသန်း (ခ) ကျော်စိုး၊ ဦးစိုင်းလုံ (ခ) လွန်းဌေး၊ သာယာဝတီထောင်မှ ကျော်လှိုင် (ခ) ယောပလီ၊ သံချောင်း (ခ) စဝ်ခွန်ကျော် (ခ) မြင့်စိုး၊ ဝင်းနိုင်ကျော်၊ ရွှေဘိုအကျဉ်းထောင်မှ သက်ဇော်မြင့် (ခ) တာတု၊ တောင်ငူအကျဉ်းထောင်မှ အောင်ကျော်လင်း၊ စောမဲဒို၊ စောရာကို၊ သရက်ထောင်မှ စိုင်းဖုန်းတင့်၊ ပုသိမ်အကျဉ်းထောင်မှ သန်းကိုဦး (ခ) မင်းဇော်၊ မြစ်ကြီးနားထောင်မှ လဖိုင်ဂမ်၊ မန္တလေးထောင်မှ ရန်နိုင်စိုး၊ လားရှိုးထောင်မှ ဦးဒီဒီနောင်လတ်၊ လန်ဂျော်ဂမ် (ခ) ဦးဂမ်ဆိုင်း၊ စစ်တွေထောင်မှ ဦးနန္ဒသာရ၊ ဦးခိုင်နီမင်း၊ ဦးထွန်းထွန်းနိုင်၊ သီပေါထောင်မှ ဦးဖုန်းရောင်၊ ဦးအိုက်ခမ်း၊ ဦးဘချစ်၊ ဦးတင့်နိုင်၊ ဦးတင်အောင်ရွှေ၊ ဦးသားဇော် (ခ) ဦးသန်းဇော်၊ သံတွဲထောင်မှ ဦးအောင်အောင်ထွန်း၊ ဦးသန်းနိုင်၊ ဦးစိုးမြင့် (ခ) စောမြင့်၊ ဦးမျိုးမင်းဦးနှင့် ဗန်းမော်ထောင်မှ ဦးဘရန်ဆိုင်းတို့ဖြစ်ကြောင်း အေအေပီပီထုတ်ပြန်ချက်အရ သိရသည်။



FOLLOW US