News

POST TAGGED AS

အကျဉ်းသား

စင်ကာပူကို နိုင်ငံရေးလုပ်ရန် ပလက်ဖောင်းအဖြစ် အသုံးမပြုကြရေး နိုင်ငံခြားသားများကို သတိပေး


စင်ကာပူ ဧပြီ ၎

စင်ကာပူတွင် လာရောက်လည်ပတ်နေသူများ၊ အလုပ်လုပ်နေသူများနှင့် နေထိုင်လျက်ရှိကြသူများသည် နိုင်ငံရေးလှုပ်ရှားရန် ပလက်ဖောင်းတစ်ခုအဖြစ် စင်ကာပူကို အသုံးမပြုကြရန် စင်ကာပူရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်ဟု  CNA သတင်းတွင် ရေးသားဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို အားပေးထောက်ခံကြရန် ပင်လယ်ရပ်ခြားရောက် မလေးရှားလူမျိုးများကို လှုံ့ဆော်နေသည့် Global Berish အပါအဝင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို သိရှိထားသည်ဟု စင်ကာပူရဲက ပြောကြားသည်။

Global Berish သည် မလေးရှားမှ အစိုးရမဟုတ်သော အဖွဲ့အစည်း အင်န်ဂျီအို ၁၀၀ ကျော် စုဖွဲ့ထားသည့် Berish 2.0 ၏ နိုင်ငံတကာစည်းရုံးရေးကွန်ရက်နှင့် လက်တံတစ်ခုဖြစ်သည်။

စင်ကာပူတွင်နေထိုင်သော နိုင်ငံခြားသားများသည် စင်ကာပူနိုင်ငံ၏ ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ စင်ကာပူတွင် ပြုလုပ်သော လူထုစည်းဝေးပွဲများကို အများပြည်သူ တည်ငြိမ်အေးချမ်းရေး အက်ဥပဒေအရ ကြပ်မတ်ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် ရဲခွင့်ပြုချက်မရသော စုဝေးပွဲကို စီစဉ်ခြင်းနှင့် တက်ရောက်ခြင်းသည် တရားမဝင်ကြောင်း စင်ကာပူရဲက ထုတ်ပြန်ပြောကြားသည်။

ရွေးကောက်ပွဲ စည်းရုံးရေးအတွက်ဖြစ်စေ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဖြစ်စေ စင်ကာပူမဟုတ်သော လူမျိုးများ ပါဝင်ပတ်သက်နေသည့် လူထုစည်းဝေးပွဲ မှန်သမျှကို ခွင့်ပြုမည်မဟုတ်ဟု စင်ကာပူရဲက ပြောကြားသည်။

ဥပဒေနှင့်မညီသော လူထုစည်းဝေး ပွဲစီစဉ်သူများနှင့် တက်ရောက်သူများကို အရေးယူဆောင်ရွက်သွားမည်ဟုလည်း စင်ကာပူရဲက ပြောကြားသည်။

“ဥပဒေချိုးဖောက်သူ မှန်သမျှကို ထိထိရောက်ရောက် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအရေးယူကိုင်တွယ်ရာမှာ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် ရုပ်သိမ်းခြင်းတွေ ပါဝင်ပါလိမ့်မယ်”ဟု စင်ကာပူရဲတပ်ဖွဲ့ အာဏာပိုင်များက ပြောကြားသည်။ 
 
F-04



FOLLOW US