News

POST TAGGED AS

အက်စစ်

အိမ်အကူအမျိုးသမီးကို အက်စစ်ဖြင့်ပက်သည့်မိသားစုမှ အမျိုးသားတစ်ဦးကို ထပ်မံအမှုဖွင့်
မန္တလေး၊ မတ် ၆

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်သော အမျိုးသမီးကို အက်စစ်ဖြင့် ပက်ခဲ့သည့်မိသားစုမှ အမျိုးသားတစ်ဦးကို ပူးပေါင်းကြံစည်မှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဒေါ်နီနီနုနွယ်၏ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ထပ်မံအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရွာငံမြို့နယ် နာဘမ်းကြီးကျေးရွာမှ မန္တလေးမြို့သို့ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် မနန်းမေဇင်ဦးကို အိမ်ရှင် ဒေါ်မိုးမိုး၏ ချွေးမဖြစ်သူ ဒေါ်နီနီနုနွယ်က အက်စစ်ဖြင့်လောင်းခဲ့ခြင်း၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကလည်း ရိုက်နှက်နှိပ်စက်ခြင်း၊ ဝက်စာပုံးအတွင်း မျက်နှာအပ်ကာ ဖိချခြင်းတို့ လုပ်ဆောင်နေစဉ် ဒေါ်နီနီနုနွယ်၏ ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ သူရ (ခ) အားတီ ရှိနေသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်နေသည်ကို တားမြစ်ခြင်းမရှိခဲ့သည့်အတွက် ပူးပေါင်းပါဝင်မှုမြောက်၍ အရေးယူရခြင်းဖြစ်ကြောင်း အောင်ပင်လယ်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မနန်းမေဇင်ဦးသည် ၂၀၀၈ ခုနှစ်ကစ၍ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း နေထိုင်သော ဒေါ်မိုးမိုးတို့၏ နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေခဲ့ရာ ၂၀၁၀ ပြည့်နှစ်အတွင်း ဒေါ်နီနီနုနွယ်၏မောင်ဖြစ်သူက ချစ်ရေးဆိုခဲ့သောကြောင့် ယင်းနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အက်စစ်ဖြင့်အပက်ခံရကာ ဘယ်ဘက်မျက်လုံးကွယ်ခဲ့သည့်အပြင် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းအပါအဝင် ဘယ်လက်ကွေးဆန့်၍ မရတော့သည့်အနေအထားသို့ ရောက်ရှိသွားခဲ့ကြောင်း မန္တလေးတိုင်းအမျိုးသမီးရေးရာအဖွဲ့ထံမှ သိရသည်။

မနန်းမေဇင်ဦးသည် အက်စစ်ဖြင့်အပက်ခံရပြီးနောက် နေအိမ်အတွင်း ပိတ်လှောင်ထားခဲ့ပြီး ဒဏ်ရာသက်သာချိန်တွင် အိမ်ထဲမှအိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းက မနန်းမေဇင်ဦး အိမ်အလုပ်များလုပ်ကိုင်နေစဉ် အမှိုက်ပုံးပြုတ်ကျသွားခဲ့သည်ကို ဒေါ်နီနီနုနွယ်က ကန်ကျောက်ခဲ့ခြင်း၊ ဝက်စာပုံးအတွင်းသို့ မျက်နှာကိုဖိနှစ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံမိရာမှ ရဲတပ်ဖွဲ့ထံ တိုင်ကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့ကို မတ်လ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပြီး အောင်ပင်လယ်နယ်မြေ ရဲစခန်းက (ပ) ၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မန္တလေး) ထံမှ သိရသည်။

ဒေါ်နီနီနုနွယ်၏ ခင်ပွန်းဖြစ်သူ ဦးသူရကိုလည်း အောင်ပင်လယ်နယ်မြေ ရဲစခန်းက (ပ) ၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၄၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် အက်စစ်ဖြင့် အပက်ခံခဲ့ရသည့် မနန်းမေဇင်ဦးကို အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မန္တလေး) နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က စောင့်ရှောက်ထားပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ပေးရန် စီစဉ်နေသည်။

M-04



FOLLOW US