News

POST TAGGED AS

အကယ်ဒမီ

04-Mar-2018

အနုပညာ အကယ်ဒမီ
ဝါဝါဝင်းရွှေနဲ့ တွေ့ဆုံခြင်း


“အန်တီဝါတို့က ခံနိုင်ရည်ရှိလို့ အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌနေရာကို တာဝန်ယူပေးတာပါ”

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ စိစစ်ရွေးချယ်ရေး အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ဝါဝါဝင်းရွှေနဲ့ တွေ့ဆုံပြီး ယင်းအဖွဲ့မှာ ပါဝင်ဖြစ်ခဲ့ပုံ၊ ဆုရွေးချယ်မှုပုံစံများအကြောင်းနဲ့ အကယ်ဒမီဆုအားလုံး ချီးမြှင့်တဲ့အပေါ် သူ့ရဲ့ သဘောထားအမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ဘာကြောင့် လက်ခံဖြစ်တာလဲ။
WWWS : ပြီးခဲ့တဲ့နှစ်တွေကတော့ အကယ်ဒမီအကဲဖြတ်အဖွဲ့မှာ အန်တီဝါက အဖွဲ့ဝင်အနေနဲ့ပဲ ပါခဲ့ပါတယ်။ ဒီနှစ်မှာတော့ အန်တီဝါက မျက်စိသွေးကြောပေါက်ထားတဲ့အတွက် အဖွဲ့ဝင်အနေနဲ့တောင် မပါတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကြီး ဦးဇင်ဝိုင်းနဲ့ မောင်ခန့်စည်သူတို့က အန်တီဝါ့ရဲ့ အနုပညာသက်တမ်းအရ၊ သမ္ဘာအရ အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ ကူညီပေးပါဆိုပြီး ပြောခဲ့ပါတယ်။ ပထမတော့ အန်တီဝါ ငြင်းပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အားလုံးကလည်း လုပ်စေချင်နေတာနဲ့ လက်ခံခဲ့တာပါ။

Voice : အရင်နှစ်တွေက ဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီ အကဲဖြတ်အဖွဲ့ကို ဝေဖန်မှုတွေလည်း ရှိခဲ့တယ်နော်။ ကိုယ်တာဝန်ယူရတဲ့နှစ်မှာရော ဘယ်လိုဆောင်ရွက်သွားဖို့ စဉ်းစားထားလဲ။
WWWS : အကယ်ဒမီဆုရဖို့က နတ်ကြီးတယ်လို့ ပြောကြတယ်။ နတ်ကတော့ အန်တီဝါတို့ အကဲဖြတ်အဖွဲ့မှာတောင် လာကြီးတာပါ့နော်။ အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူလိုက်တဲ့ အချိန်မှာ အန်တီဝါတို့က အစွဲတွေကို ဖြုတ်ရတယ်။ ချစ်ခြင်း၊ မုန်းခြင်း ဘယ်သူ့အပေါ်ကိုမှ မထားဘူး။ အနုပညာကိုပဲ အန်တီဝါတို့ ကြည့်ပါတယ်။ ဆုရသင့်ရထိုက်တဲ့ အနုပညာရှင်တွေကို အန်တီဝါတို့က အမှန်ကန်ဆုံးဖြစ်အောင် ရွေးချယ်ပေးမှာပါ။ နှစ်တိုင်းမှာ မောင်ကကြီး ဆုရရင်၊ မောင်ခကွေးနဲ့ မောင်ဂငယ်တို့က စိတ်မကောင်းဖြစ်ကြတာပါပဲ။ ကိုယ်လည်း အနုပညာရှင်ဆိုတော့ ဒါတွေကိုလည်း သိပြီးသားပါ။ အဓိကကတော့ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ အရေးကြီးဆုံးပါပဲ။

Voice : ၂၀၁၇ ခုနှစ်အတွင်းမှာ အရင်နှစ်တွေထက် ရုပ်ရှင်ဇာတ်ကားတွေ ပိုမို ရုံတင်ပြသနိုင်ခဲ့တယ်နော်။ အရေအတွက်များလာသလို၊ ဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းကရော တိုးတက်မှုရှိလာရဲ့လား။
WWWS : အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေလည်း အန်တီဝါတို့ အများကြီး ကြည့်ရပါတယ်။ ဇာတ်ကားပေါင်း ၅၃ ကားကို အန်တီဝါတို့က ထပ်တလဲလဲ ကြည့်ရပါတယ်။ ဘယ်ကားကိုတော့ ဘယ်နှခါပဲ ကြည့်မယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဇာတ်ကားအားလုံးကို တစ်ပြေးညီကြည့်တာပါ။ ဇာတ်ကားတွေထဲမှာ အထူးကောင်းမွန်အောင် သရုပ်ဆောင်ထားနိုင်တဲ့သူတွေလည်း တွေ့ပါတယ်။ အကုန်လုံးက အပြိုင်အဆိုင်ကြိုးစားထားကြပါတယ်။ အနုပညာကို ဖော်ထုတ်တဲ့နေရာမှာ ပေါ့ပေါ့တန်တန် ဘယ်သူမှ မလုပ်ကြပါဘူး။ ဒါရိုက်တာတွေဆိုလည်း သူတို့ရိုက်တဲ့ ဇာတ်ကားကို မကောင်းကောင်းအောင် ဖန်တီးထားကြတာကို တွေ့ရပါတယ်။

Voice : အရင်နှစ်တွေကတော့ ဆုရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ ချန်လှပ်ထားတဲ့ဆုတွေ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အကယ်ဒမီဆုတွေ အားလုံးပေးမယ်လို့ ကြေညာထားတဲ့အပေါ် အနုပညာလောကသားအများစုက ကြိုဆိုကြတာလည်း တွေ့ရပါတယ်။
WWWS : ဒီနှစ်မှာတော့ အန်တီဝါတို့က အကယ်ဒမီဆု ၁၁ ဆုလုံးပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။ ဇာတ်ကားတစ်ကားမှာ အကုန်လုံးက သူ့ကဏ္ဍနဲ့သူ အရေးပါကြတဲ့ သူတွေချည်းပါပဲ။ အရုပ်၊ အသံ၊ တည်းဖြတ်၊ ဂီတ စသဖြင့် နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးသူကို ရွေးထုတ်ပြီးတော့ အန်တီဝါတို့က ဆု ၁၁ ဆုစလုံး ပေးမှာပါ။ ဒီလိုမျိုးဆုတွေ အားလုံးပေးတဲ့အတွက် အနုပညာရှင်တွေလည်း ပိုပြီးတော့ ကြိုးစားချင်စိတ်တွေ ဖြစ်လာကြမှာပါ။ ငါတို့ပိုကြိုးစားရင် နောက်နှစ်တွေမှာ ဆုရဖို့ အလားအလာရှိတယ်ဆိုတာကို သိနေတော့ အရင်ထက်ပိုပြီး ကြိုးစားလာကြမှာပါ။

Voice : အန်တီဝါတို့ ခေတ်တုန်းကလည်း အကယ်ဒမီဆုတွေ ချန်လှပ်ခဲ့တာမျိုး ကြုံခဲ့ရတယ်နော်။ 
WWWS : အန်တီဝါတို့ခေတ်တွေတုန်းကဆို အကယ်ဒမီကို လေးယောက်ပဲ ပေးတာတောင်ရှိတယ်။ မင်းသားဆုမပါဘဲနဲ့ ယူခဲ့ရတဲ့ နှစ်တောင်ရှိဖူးတယ်။ ဆယ်စုနှစ်တစ်စုမှ အန်တီဝါတို့ဆုတစ်ဆု ရခဲ့တာမျိုးတောင် ကြုံခဲ့ဖူးပါတယ်။ ကိုယ်တိုင်လည်း ဆုတွေ ချန်ခဲ့တဲ့နှစ်တွေ အများကြီး ကြုံခဲ့ဖူးပါတယ်။ ငယ်တဲ့အရွယ်တုန်းကတော့ ခံစားခဲ့ရတာတွေ ရှိတာပေါ့နော်။ သရုပ်ဆောင်တစ်ယောက်က သူ့ကို ပေးလာတဲ့ အခွင့်အရေးက နှစ်ခါမရဘူး။ ဇာတ်လမ်းအားဖြင့်လည်း နှစ်ခါမရနိုင်ဘူး။ သူလုပ်ပြခွင့်ရတဲ့ အခွင့်အရေး လက်လွှတ်သွားတဲ့အချိန်မှာ အရမ်းနစ်နာပါတယ်။

Voice : အကယ်ဒမီဆုပေးပွဲအပြီးမှာ ထွက်ပေါ်လာမယ့် ဝေဖန်မှုတွေအတွက်ရော ကိုယ့်ရဲ့စိတ်ကို ဘယ်လိုကြိုတင်ပြင်ဆင်ထားလဲ။
WWWS : အဲ့ဒါကတော့ အန်တီဝါတို့က ခံနိုင်ရည်ရှိလို့ အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌနေရာကို တာဝန်ယူပေးတာပါ။ ဒီနှစ်ဆုပေးပွဲကိုတော့ အန်တီဝါတို့အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ နောက်နှစ်တွေမှာတော့ မလုပ်ပါရစေနဲ့တော့လို့ အခုကတည်းက ကြိုပြောထားပါတယ်။

သန့်ဇင်ဦး



FOLLOW US