News

POST TAGGED AS

အကယ်ဒမီ

05-Feb-2018

အကယ်ဒမီ
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ မတ်လ ၂၃ ရက်နေ့ ကျင်းပမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အနုပညာ လောကသားများနှင့် ရုပ်ရှင်ချစ်သူများ မျှော်လင့်ရင်ခုန်စောင့်စားရသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar  Event  Park ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက The Voice သို့ ပြောကြားသည်။

“၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကတော့ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ သေချာသွားပါပြီ။ ပွဲနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကတော့ ညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။ လက်ရှိမှာတော့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေကို အကဲဖြတ်အဖွဲ့ဝင်တွေက ကြည့်ရှုစစ်ဆေးနေကြပါပြီ”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။ 

ရုံတင်ပြသမှုစနစ်ကို အပြောင်းအလဲများကြောင့် ၂၀၁၇ ခုနှစ်အတွင်းတွင် ရုပ်ရှင်ဇာတ်ကားများကို ယခင်နှစ်များကထက် ရုံတင်ပြသနိုင်ခဲ့သည့်အတွက်ကြောင့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၅၃ ကားအထိ ရှိခဲ့သည်။

ယင်းဇာတ်ကားများထဲမှ အကယ် ဒမီဆုများကို ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်ပြီး ဆုရရှိသူများကို ပေးအပ်သည့် ရွှေစင်ရုပ်တုမှ ရွှေကြယ်ကိုလည်း နှစ်ကျပ် သားအစား၊ ငါးကျပ်သား တိုးမြှင့်ပေးအပ် သွားမည်ဖြစ်သည်။ 

ယခင်နှစ်ဆုပေးပွဲများတွင် အကယ်ဒမီဆုရွေးချယ်သည့် စည်းမျဉ်းစည်းကမ်း များနှင့် မကိုက်ညီသောကြောင့် ထူးချွန်ဆုအချို့ကို ချပ်လှပ်ခဲ့ခြင်း ရှိသော်လည်း ယခုနှစ်ဆုပေးပွဲတွင်မူ ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုလုံးကို ပေးအပ်သွားမည့်အပြင်၊ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။

ယခုနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် ဆန်ခါတင် စာရင်းဝင်သည့် ဇာတ်ကားများထဲတွင် ထုံးစံအတိုင်း ဟာသကား အများစု ပါဝင်နေပြီး၊ အနုပညာ အသားပေး ရိုက်ကူးထားသည့် ဇာတ်ကားများမှာ အနည်းငယ်သာ ရှိသည်။

ယင်းဇာတ်ကားများထဲတွင် တာတေကြီး၊ ရင်ဘတ်ထဲကဓား၊ နေဝင်အိပ်တန်းတက်၊ အမှောင်မှာရွာချတဲ့ မိုးတိမ် (ကျွန်)၊ ထာဝရအမေ၊ ဆယ်လီ စသည့် ရုပ်ရှင်ဇာတ်ကားများမှာ ထူးချွန်ဆုရရန် ရေပန်းစားနေသည်။ 

ရုပ်ရှင် ထူးချွန်ဆုများထဲတွင် အဓိက အကျဆုံးဆုများဖြစ်သည့် အမျိုးသား ဇာတ်ဆောင်ဆုအတွက် တာတေကြီး ရုပ်ရှင်မှ နေတိုးနှင့် နေဝင်အိပ်တန်းတက်၊ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားတို့မှ ပြေတီဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ထာဝရအမေ ရုပ်ရှင်မှ မေသန်းနုနှင့် ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားတို့မှ မေသန်းနုတို့ ရရှိရန် တစ်ပြေးနေကြသည်။

“ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားတိုင်းမှာတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ရင်ဘတ်ထဲကဓားနဲ့ နေဝင်အိပ်တန်းတက် ဇာတ်ကားနှစ်ကားလုံးကိုလည်း အားရပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ကတော့ အကုန်လုံးက ကံတရားအတိုင်းပဲ။ ကျွန်တော်ကတော့ ဘာကိုမှကြိုပြီး မျှော်လင့်ထားတာမျိုး မရှိပါဘူး”ဟု သရုပ်ဆောင် ပြေတီဦးက အကယ်ဒမီ ရင်ခုန်သံကို ပြောကြားသည်။ 



FOLLOW US