News

POST TAGGED AS

အကယ်ဒမီ

21-Dec-2017

အကယ်ဒမီ
အကယ်ဒမီဆုများကို ယခင်နှစ် စည်းမျဉ်းစည်းကမ်းများအတိုင်းသာ ပေးအပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ 

ရုပ်ရှင်ချစ်သူများနဲ့ အနုပညာ လောကသားများ နှစ်စဉ်နှစ်တိုင်း ရင်ခုန်စောင့်စားရတဲ့  အကယ်ဒမီ ဆုပေးပွဲကိုတော့ မတ်လမှာ ကျင်းပဖို့လျာထားပြီး၊ အကယ်ဒမီဆုတွေကိုတော့ ယခင်နှစ် စည်းမျဉ်းစည်းကမ်းများအတိုင်းသာ ပေးအပ်မှာဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ၊ သရုပ်ဆောင် ဇင်ဝိုင်းက ပြောကြားပါတယ်။

“အကယ်ဒမီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည် ညှိနှိုင်းကြဦးမယ်ဆိုရင် ဒီနှစ် အကယ်ဒမီပေးပွဲကို မတ်လမှာ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အရင်တုန်းကလိုပဲ တစ်နှစ် နောက်ကျပြီးတော့မှ လုပ်ရမယ့်အဖြစ်မျိုးပါ။ ဒါကြောင့် ၂၀၁၇ ခုနှစ် အကယ်ဒမီ ဆုပေးပွဲအတွက်ကိုတော့ ယခင်ရှိပြီးသား စည်းမျဉ်းစည်းကမ်းများအတိုင်းပဲ ပေးပါမယ်”လို့ ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် အကယ်ဒမီ ဆုပေးပွဲအတွက်ကိုတော့ အကယ်ဒမီ ဆုရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းများကို ပြန်လည် သတ်မှတ်ဖို့အတွက် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်မှာဖြစ်ပြီး၊ ရုပ်ရှင်ညီလာခံမှာ တင်ပြခဲ့တဲ့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ၊ အနုပညာ လောကသားများရဲ့ အကြံပြုချက်တွေကို စုပေါင်းကာ ဝိုင်းဝန်း အဖြေရှာကြမှာဖြစ်ကြောင်း ဦးဇင်ဝိုင်းက ပြောကြားပါတယ်။

“အကယ်ဒမီ ဆုပေးပွဲအတွက် နေရာကတော့ အမျိုးသား ဇာတ်ရုံလိုမျိုး၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းလိုမျိုး Indoor အဆောက်အအုံတွေမှာ ကျင်းပဖို့တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အနုပညာ လောကသားတွေ တက်ရောက်နိုင်မယ့် အင်အားနဲ့နေရာရဲ့ ဝင်ဆံ့မှုက အလွန် ကွာပါတယ်။ ပြင်ပမှာ ကျင်းပဖို့အတွက်ကတော့ မနှစ်က လုပ်ခဲ့တဲ့ ပြည်သူ့ရင်ပြင်နေရာကို ဒီနှစ်မှာ မပေးတော့ဘူးလို့ အတိအလင်း သိရပြီးပါပြီ။ အဲ့ဒီအတွက် လူများများ ဝင်ဆံ့မယ့် နေရာကောင်းကောင်းတစ်ခုကို ရှာဖွေဖို့ပဲ ရှိပါတယ်”လို့ ၎င်းကဆိုပါတယ်။ 

ယခုနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် အဓိက ကူညီပံ့ပိုးပေးမယ့် Main Sponsor အဖြစ် Forever Group က တာဝန်ယူပေးမှာဖြစ်ကြောင်း၊ အကယ်ဒမီဆုရရှိသူတွေကိုလည်း ယခင်နှစ်တွေက ချီးမြှင့်ခဲ့တဲ့ ရွှေနှစ်ကျပ်သားအစား ရွှေငါးကျပ်သား ချီးမြှင့်ပေးမှာဖြစ်ပြီး ထူးခြားမှုအနေနဲ့ကတော့ တစ်သက်တာ ထူးချွန်ဆုကိုလည်း ယခုနှစ်မှာ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ဦးဇင်ဝိုင်းက ပြောကြားပါတယ်။

  • VIA


FOLLOW US