News

POST TAGGED AS

ဟုမ္မလင်း

ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ငါးလုံးပြူးသေနတ်တစ်လက်နှင့် ကျည်ဆန်များတွေ့
ရန်ကုန်၊ ဇူလိုင် ၁၅

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဒေါနလမ်း၊ အာသာဝတီကျောင်း တိုက်ဝင်းအတွင်းရှိ ခေမာသီဝံ စာသင်တိုက်ကျောင်း သံပန်းတံခါးရှေ့တွင် ဇူလိုင်လ ၁၄ ရက် နံနက် ၇ နာရီခန့်က အမေရိကန်နိုင်ငံလုပ် Smith & Wesson အမျိုးအစား ငါးလုံးပြူးသေနတ် တစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းကျောင်းတိုက်အတွင်း နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ဘုန်းကြီးကျောင်းသားတစ်ဦးသည် ယင်းနေ့ နံနက်ပိုင်းက ကျောင်းသံပန်းတံခါးဖွင့်ချိန်တွင် သံပန်းတံခါးရှေ့လမ်းကပ်လျက် သဲအိတ်ပေါ်တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို မသင်္ကာဖွယ် တွေ့ရှိရာက ဖွင့်ကြည့်ရာ သေနတ်တစ်လက်နှင့် ကျည်ဆန်များဖြစ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ရပ်ကွက်တာဝန်ရှိသူထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“လူဆီကတွေ့တာ မဟုတ်တဲ့အတွက် အမှုကတော့ ဖွင့်မထားပါဘူး၊ ပိုင်ရှင်မဲ့ပဲ သိမ်းထားတယ်၊ ဒါပေမဲ့ စခန်းအနေနဲ့ကတာ့ ဘယ်နေရာကနေ ဘယ်လို ဒီနေရာရောက်လာသလဲဆိုတာ သိရအောင် စုံစမ်းစစ်ဆေးနေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယခု တွေ့ရှိခဲ့သည့် သေနတ်အမျိုး အစားမှာ အမေရိကန် နိုင်ငံလုပ် 266392 နံပါတ်ပါ ဒသမ ၃၈ Smith & Wesson အမျိုးအစား ငါးလုံးပြူးသေနတ်ဖြစ်ပြီး ၎င်းကျည် ၇ တောင့်ပါ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

J-16



FOLLOW US