News

POST TAGGED AS

ဟိန္ဒူ

အချစ်မှတစ်ပါး ကိုးကွယ်ရာမရှိ

အိန္ဒိယရုပ်ရှင်များတွင် ဘာသာမတူ ကွဲပြားသည့် ချစ်သူချင်းကို ဇာတ်လမ်းဆင်၍ ရိုက်ကူးထားသည့် ဇာတ်ကားများစွာကို ဘောလီးဝုဒ်က ထုတ်လုပ်နေသည်မှာ နှစ်ကာလများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုဇာတ်ကားမျိုးတွေကို အိန္ဒိယတွင်သာမက ကမ္ဘာ့နိုင်ငံများကလည်း အားပေးနေကြသဖြင့် အောင်မြင်မှုများရလျက်ရှိကြောင်း တွေ့ရသည်။

လက်ရှိ ပကတိ အနေအထားတွင် အိန္ဒိယနိုင်ငံ၌ ဘာသာကွဲ လူမျိုးကွဲချင်း ချစ်ခင်မှု၊ လက်ထပ်ပေါင်းသင်းမှုများမှာ အလွန်အန္တရာယ်များသည့် အနေအထားတွင် ရှိနေသေးသည်။ သူတို့နိုင်ငံတွင် ထိုသို့ ဘာသာကွဲချင်း လက်ထပ်ထိမ်းမြား ပေါင်းသင်းခြင်းအား အချစ်ဂျီဟတ် (Love Jihad) ဟူခေါ်ကြသည်။ အချစ်ကို ဂျီဟတ်လုပ်ခြင်းဆိုသည်မှာ ဟိန္ဒူမိန်းကလေးများကို အစ္စလာမ်ဘာသာသို့ အတင်းသွပ်သွင်းသည့်အနေနှင့် ပြုလုပ်ကာ အယူဝါဒတစ်ခုကို ပျက်သုဉ်းအောင်လုပ်ခြင်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဘာသာခြားချင်း လက်ထပ်မှုများကို အိန္ဒိယနိုင်ငံတွင် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့အစည်းများဖြင့် ကန့်ကွက်မှုများ၊ အကြမ်းဖက်မှုများပင်ရှိသည်။

အသက် ၂၀ အရွယ် ဟာဒီယာ ဂျဟန်သည် ဟိန္ဒူမိသားစုက မွေးဖွားလာသူတစ်ဦးဖြစ်သည်။ သူက မွတ်ဆလင် ကောင်လေးတစ်ယောက်နှင့် လက်ထပ်လိုက်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သွားသည်။ ကောင်မလေး မိဘများက သူတို့သမီးသည် ဦးနှောက်ကို အယူဝါဒဆိုင်ရာ မှိုင်းတိုက်ခံလိုက်ရပြီး ဟိန္ဒူဆန့်ကျင်ရေးအုပ်စု၏ စနစ်တကျ ဖျက်ဆီးခြင်းခံလိုက်ရကြောင်း ရုံးတော်ကို ဦးတိုက်လျှောက်ကာ တရားစွဲသည်။

ဟိန္ဒူလူမျိုးစုများအတွင်း မွတ်ဆလင်တို့နှင့် လက်ထပ်ခြင်းကို ပြင်းထန်စွာ တားမြစ်ကြရုံမက မကောင်းသည့် နိမိတ်တစ်ခုအနေနှင့်ပါ အယူအစွဲကြီးလှသည့် ဟိန္ဒူတို့က ယူဆကြသည်။ အယူသီးလှသည့် ဟိန္ဒူရှေးရိုးသမားတို့သည် ထိုသို့ မိမိတို့မျိုးနွယ်ထဲက တစ်ဦးဦးက မွတ်ဆလင် အသိုင်းအဝိုင်းနှင့် လက်ထပ်လိုက်ခြင်းကို အချစ်ဂျီဟတ် ပြုလုပ်ခံရခြင်းဟူ၍ပင် စွပ်စွဲဝေဖန်ပြောကြားလေ့ရှိသည်။

ဟာဒီယာဂျာဟန်သည် ယခင်က ဟိန္ဒူအမည်အဖြစ် အခီလာ အဆိုကန်ဟုခေါ်သည်။ သူက သူ့သဘောနှင့်သူ လက်ထပ်ခဲ့ခြင်းဟုဆိုသည်။ သူတို့ဇနီးမောင်နှံကို ကာရာလာရှိ တရားရုံးချုပ်တွင် ယမန်နှစ်က အမှုလာပြီး ရင်ဆိုင်နေရသည်ကို သတင်းမီဒီယာများတွင် မကြာခဏ တွေ့ရသည်။ မိဘတွေက သူတို့သမီးသည် ဂျီဟတ် အလုပ်ခံရခြင်းကြောင့်ဆိုကာ တရားစွဲထားခြင်းကြောင့်ဖြစ်သည်။ တရားရုံးက နောက်ဆုံးတွင် သမီးဖြစ်သူကို အနိုင်ပေးလိုက်သည်။

ဘာသာခြားတို့နှင့် လက်ထပ်ခြင်းကြောင့် အိန္ဒိယတွင် အကြမ်းဖက်မှုများ မကြာခဏ ကြုံတွေ့နေ ကြရသည်။ အိန္ဒိယတွင် ယနေ့တိုင် မနှစ်မြို့ဖွယ်ရာ ကျန်ရှိနေသေးသည့် ဓလေ့တစ်ခုမှာ “ဂုဏ်သိက္ခာ အရသတ်ဖြတ်ခြင်း”ဆိုသည့် ဓလေ့ဆိုးတစ်ခုဖြစ်သည်။ မိမိတို့ အမျိုးဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်သည်ဆိုကာ မိသားစုဝင်များထဲက သတ်ဖြတ်ခြင်းများအပေါ် ဥပဒေမဲ့စွာဖြင့် လုပ်ဆောင်နေကြခြင်းမျိုးဖြစ်သည်။ ၂၀၁၅ ခုနှစ် ကတည်းက ဂုဏ်သိက္ခာအရ သတ်ဖြတ်သည်ဆိုသော အမှုပေါင်း ၂၅၁ မှုရှိကြောင်း တွေ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီလက အသက် ၂၃ အရွယ် အန်ကစ်ဆာဆီနာဆိုသူ ဓာတ်ပုံဆရာလေးတစ်ယောက် နယူးဒေလီလမ်းမပေါ်တွင် အသတ်ခံလိုက်ရသည်။ သူ၏ မွတ်ဆလင် ချစ်သူကောင်မလေး၏ မိသားစုက သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီလကလည်း အသက် ၂၀ အရွယ် ဟိန္ဒူကောင်မလေးတစ်ယောက်သည် ကာနာတာကာမြို့၌ သူ့ကိုယ်သူ သတ်သေခဲ့သည်။ သူက မွတ်ဆလင် ကောင်လေးတစ်ယောက်နှင့် ချစ်ကြိုက်နေရာ သူငယ်ချင်းတွေက ဝိုင်းဝန်းလှောင်ပြောင်သည်ကို မခံရပ်နိုင်သည့်အဆုံးတွင် သတ်သေသွားခြင်းဖြစ်သည်။

လပ်ခနောင်းမှ ဟိန္ဒူကောင်မလေးတစ်ဦးကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ရှ်မာဆွာရပ်ထံ တိုင်စာပို့သည်။ မှတ်ပုံတင်ရုံးတွင် လူသားမဆန်စွာ သူ့ကို အရှက်ခွဲခံရသောကြောင့် ဖြစ်သည်ဟုဆိုထားသည်။ မှတ်ပုံတင်ရုံးက တာဝန်ရှိသူများက သူ့နိုင်ငံသားလက်မှတ်ကို လက်မခံ။ အဘယ်ကြောင့်ဆိုသော် သူ့ခင်ပွန်းမှာ မွတ်ဆလင် ဖြစ်နေသောကြောင့်ဟုဆိုသည်။ သူ့အမည်ကို ဟိန္ဒူမူလနာမည်ပြန်ပြောင်းမှ လက်ခံမည်ဟုဆိုထားသဖြင့် တိုင်စာပို့ခြင်းဖြစ်သည်။

အချစ်ဂျီဟတ်ဆိုသည့် စကားလုံးသည် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ပိုပြီးခေတ်စားလာသည့် စကားလုံးဖြစ်လာသည်။ ဟိန္ဒူအခွင့်အရေး လှုပ်ရှားသူများက မွတ်ဆလင်တို့သည် သူတို့အပေါ်တွင် ဘာသာရေးအရ အချစ်ရေးတွင် ဝင်ရောက်စွက်ဖက် တိုက်ခိုက်လာနေပြီဟုဆိုလိုကာ ဆန့်ကျင်လှုပ်ရှား လာကြခြင်းဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးထံ ဆိုရှယ်ကွန်ရက်ဖြစ်သည့် Twitter ကတစ်ဆင့် တိုင်ကြားသည့် တိုင်ကြားစာက နာမည်ကျော်ပြီး ကမ္ဘာက စိတ်ဝင်စားလာရသော ပြဿနာ ဖြစ်လာရသည်။

နိုင်ငံခြားရေးဝန်ကြီး ဆွာရပ်က မှတ်ပုံတင်ရုံးတွင် ဖြစ်ပွားနေသော အရေးယူဆောင်ရွက်နေမှုအပေါ် စုံစမ်းစစ်ဆေးပြီး တိကျစွာ အရေးယူပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ရသည်။ သို့သော် မှတ်ပုံတင်ရုံးမှ အရာရှိက သတင်းစာရှင်းလင်းပွဲကို သူကိုယ်တိုင်လုပ်လိုက်သည်။ ထိုလင်မယားသည် လိမ်လည်နေခြင်းဖြစ်ပြီး မိမိက ဥပဒေအတိုင်း ဆောင်ရွက် နေခြင်းသာဖြစ်သည်ဟုတရားဝင် ထုတ်ဖော်ပြော ကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဆွာရပ်သည် Twitterသုံးစွဲသူဖြစ်ပြီး Follower ပေါင်း ၁၁ ဒသမ ၇ သန်းရှိ သူ တစ်ဦးဖြစ်သည်။ သူ့ထံသို့ လပ်ခနောင်းမှ ကောင် မလေးက တိုင်စာပို့လိုက်သည်ကို အရေးတယူဖြင့် ပြန်စာပို့လိုက်သောကြောင့်လည်း သူ့ကို Twitterပေါ်တွင် လူတွေက ချီးကျူးကြသည်။ သို့သော် ဆွာရပ် တစ်ယောက် Twitterပေါ်တွင် မရှုမလှ တိုက်ခိုက်ခြင်း များကိုပါ ခံလိုက်ရသည်။

ဆိုရှယ်မီဒီယာမုန်တိုင်း ထန်နေပြီ။ ဆွာရပ်ကို Twitterပေါ်တွင် ဝေဖန်သူတွေ၊ နှိမ့်ချသူတွေ၊ ဆဲသူတွေ ပေါ်လာသည်။ ဆွာရပ်သည် မကြာမီကမှ ကျောက်ကပ်လဲထားသူဖြစ်သည်။ သူ့ကျောက်ကပ်သည် မွတ်စလင် တစ်ယောက်ထံက ဖြစ်သည်ဟုပင် ကိုယ်ရေးကိုယ်တာများကို တိုက်ခိုက်ဝေဖန်ပြီး ချိုးနှိမ် သူတွေ ပေါ်ပေါက်လာသည်။ “မွတ်ဆလင်တစ်ယောက်ထံက ကျောက်ကပ်ကိုငှားပြီး အသက်ရှင်နေရသည့် မိန်းမသည် လူသေဖြစ်သည်”ဟုပင် ရက်စက်စွာ ပြောဆိုဝေဖန်ခြင်းခံရပြီး Twitter ပေါ်တွင် မုန်တိုင်းထန်သွားတော့သည်။
 
အသက် ၃၇ နှစ်အရွယ် ဝါဆင်သည် မွတ်စလင် သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး သူ လက်ထပ်ထားသည်မှာ အသက် ၃၃ နှစ်အရွယ် ဟိန္ဒူအမျိုးသမီး တစ်ဦးဖြစ်သည်။ ဝါဆင်က -

“ကျွန်တော်တို့မှာ ကျွန်တော်တို့ကို ဖန်ဆင်းရှင်တွေဟာ ဘုရားသခင်လို့လည်း မတွေးဘူး။ အရှင်မြတ်လို့လည်း တွေးမထားဘူး။ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ကပဲ အရေးကြီးတာ”ဟုပြောခဲ့သည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သည့် ၁၅ နှစ်လောက်ကတည်းက တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်သည်။ သူတို့လက်ထပ်ပြီးသည်မှာ ၁၂ နှစ်ထဲကို ရောက်နေပြီ။ ဝါဆင်က ဒူတာဆိုသည့် ကောင်မလေးတစ်ယောက်အကြောင်း သူ့မိသားစုကို ပြောပြလိုက်ချိန်တွင် မိသားစုက ဝမ်းသာနေကြသည်။ ဟိန္ဒူဖြစ်ခြင်းကြောင့်ဆိုကာ သူတို့သားအပေါ် အပြစ်တင်ခြင်း မရှိကြပေ။

သို့သော် သူ့ကိုဆန့်ကျင်သူတွေက အိမ်နီးချင်းတွေနှင့် ဘာသာရေး ခေါင်းဆောင်တွေဖြစ်နေသည်။ ဟိန္ဒူအမျိုးသမီးတစ်ဦးကို လက်ထပ်မည်ဆိုခြင်းကို ဝိုင်းဝန်းတားမြစ်ကြသည်။ အကယ်၍ ကောင်မလေးက သူတို့ဘာသာသို့ ကူးပြောင်းလျှင် လက်ခံမည်ဟုဆိုကြသည်။ ကောင်မလေး မိဘများကနှင့် အသိုင်းအဝိုင်းကလည်း ကန့်ကွက်ကြသည်။ သူတို့လက်ထပ်ပွဲ ဘယ်တော့မှ မဖြစ်စေရဟု ခြိမ်းခြောက်ခဲ့ကြသည်။

နောက်ဆုံး ချစ်သူနှစ်ယောက် တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်ကြရသည်။ နှောင်ကြိုးတွေကို မဖြတ်တောက်ဘဲ သူတို့ပေါင်းသင်း၍ မရနိုင်ကြောင်းကို ရှင်းလင်းစွာ သိမြင်လာခဲ့ကြသည်။ သူတို့နှစ်ဦး မိဘတွေဆီက ထွက်လာကြသည်။ အိန္ဒိယနိုင်ငံ ၁၉၅၄ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အထူးဥပဒေအရ တရားရုံးတက်ပြီး လက်ထပ်လိုက်ကြသည်။

သူတို့နှစ်ဦးတည်း နှစ်ဖက်မိဘတွေက ပစ်ထားခြင်းခံရပြီး ဘဝကို တည်ဆောက်ခဲ့ကြသည်မှာ နှစ်အတော်ကြာသွားသည်။ သူတို့နှစ်ယောက်ကလည်း ပြတ်သည်၊ နှစ်ဦးနှစ်ဖက်မည်သည့် ဘာသာရေး အခမ်းအနားကိုမှမတက်။ သူတို့တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရလာသည်။ ကျောင်းသွားအပ်သည့်အခါတွင်လည်း မွတ်ဆလင်နာမည်နှင့် ဟိန္ဒူနာမည်တွေ ဖြစ်နေသောကြောင့် ကျောင်းအုပ်က အံ့အားသင့်ခဲ့ရသည်။ သူတို့ကို မောင်နှမအရင်းဟုမထင်။ ဝမ်းကွဲတွေလားဟု မေးမြန်းခြင်းကိုပင် ခံရသည်။ ကျောင်းအုပ်ကို သူတို့နှစ်ဦးသည် လက်ထပ်ထားသည့် ဖခင်နှင့် မိခင်အရင်းက မွေးဖွားလာကြောင်းကို လက်ထပ်စာချုပ်အား တင်ပြပြီး သက်သေပြခဲ့ရသည်။

အသက် ၅၅ နှစ်အရွယ် ဆူရာဘီ ဂျမဲလ်သည် ဟိန္ဒူတစ်ယောက် ဖြစ်သော်လည်း ပါဗက်ဇ် ဂျာမဲလ်ဆိုသည့်အမည်ကို ခံယူထားသည်။ သူက

“ကျွန်မတို့ လက်ထပ်ထားတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ ၁၉၈၂ ခုနှစ်ကတည်းက မွမ်ဘိုင်းမှာ တွေ့ကြတာ။ သူငယ်ချင်းတွေပေါ့။ သူက ရုပ်ရှင်ရိုက်တယ်။ သူရိုက်တဲ့ကားတွေမှာ ကျွန်မနည်းနည်း ဝင်ပါဖူးတယ်။ ၁၉၈၉ ခုနှစ်မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ ဂျမဲလ်က မဟာရပ်ရှ်ထရီယန်ကဖြစ်ပြီး သူ့ခင်ပွန်းက ကက်ရှ်မီးယားကဖြစ်သည်။ သူတို့နှစ်ဦးကြားနှင့် မိသားစုကြားတွင် ဟိန္ဒူ-မွတ်ဆလင် ပြဿနာမရှိ။ သူတို့လက်ထပ်ပွဲတွင် နှစ်ဖက်မိဘများ လာတက်ကြသည်သာ ဖြစ်သည်။ ၁၉၉၆ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် သူတို့ကက်ရှ်မီးယားတွင် နေထိုင်ကြသည်။ ဂျမဲလ်က ဆရာမလုပ်ပြီး ပါဗက်ဇ်က ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများလုပ်သည်။ သူတို့တွင် သမီးနှစ်ယောက်ရှိပြီး သမီးတွေက ယခုဆိုလျှင် ၂၀ ဝန်းကျင်တွေဖြစ်ကုန်ပြီ။ “ကျွန်မတို့မှာ ဘာဘာသာမှမလိုဘူး။ ဘာကိုမှ ပြောင်းကိုးကွယ်ဖို့လည်း မလိုဘူး။ တစ်ယောက်ထုံးဓလေ့ကိုတစ်ယောက် လေးစားတယ်။ အရေးကြီးတာ ဒါပဲ”ဟု သူကဆိုသည်။

သူတို့အတူနေစဉ် အိမ်နီးချင်းတွေက သူတို့ကို ဝတ်ပြုဆုတောင်းပွဲများ သွားရန် လာခေါ်ကြသည်။ သူတို့က ကိုယ့်အလုပ် မဟုတ်သည်ကို ဝင်မရှုပ်ရန်ပြောပြီး ပြတ်သားစွာဖြင့် အချစ်ကိုတည်ဆောက်ကာ နေထိုင်ခဲ့ကြသည်။ သူတို့ခံယူချက်က ဘယ်သူမှ ဘယ်သူ့ဘာသာအသစ်ကို မယူကြေးဖြစ်သည်။

တက်ဂ်ျဗီးယားက အသက် ၂၂ နှစ်အရွယ် ဟိန္ဒူကောင်လေးဖြစ်ပြီး ဆီယာက ၂၁ နှစ်အရွယ် မွတ်ဆလင်မလေးဖြစ်သည်။ သူတို့လည်း လက်ထပ်ထားသည်မှာ ၂ လ သာရှိသေးသည်။ သူတို့မိသားစုတွေကို စွန့်ခွာခဲ့ပြီး ကိုယ့်ဘဝ ကိုယ်ရပ်တည်နေကြသည်။ ကျောင်းမှာကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပြီး သူတို့နှစ်ယောက် ရင်ဆိုင်ရမည့် အခက်အခဲ ပြဿနာများကို ကောင်းစွာ သဘောပေါက်ပြီးဖြစ်သည်။ ကောင်မလေးကို သူ့မိဘတွေက အိမ်ထဲထည့်ကာ သော့ခတ်ထားသည်ကိုပင် ခံရသည်။

ကောင်လေးက နောက်ဆုံးတွင်ခိုးပြေးပြီး ဘဝကိုထူထောင်ကြသည်။ သူက ဗီဒီယိုတည်းဖြတ်လုပ်ငန်းကိုလုပ်ပြီး ယခုဆိုလျှင် အိမ်တွင် ချစ်သူနှစ်ယောက် ငြိမ်းချမ်းသည့် ဘဝတစ်ခုကို တည်ဆောက်ကြသည်။ သူတို့ကို ယနေ့တိုင် မိဘတွေက ချစ်ခြင်းကိုခွဲရန် ရှာဖွေနေဆဲဖြစ်သည်။ သို့သော်ကောင်လေးက ပြတ်သားစွာ ပြောသည်။

“ကျွန်တော်တို့ လက်ထပ်ဖို့ အားလုံးကို စွန့်လွှတ်ခဲ့တာပါ”

(Ref: South China Morning Post, BBC, Al jazeera)



FOLLOW US