News

POST TAGGED AS

ဟင်္သာတ

ဆက်သွယ်ရေးတိုင် တည်ဆောက်ရန် လက်မှတ်ထိုးပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြား
ဟင်္သာတ၊ ဇန်နဝါရီ ၎

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်တွင် ဒေသခံများ ကန့်ကွက်နေသည့် ဆက်သွယ်ရေးတိုင်တည်ဆောက်မှုကို ဆက်လက် လုပ်ဆောင်ရန် ခွင့်ပြုလက်မှတ် ပေးထိုးခဲ့သည့် ဟင်္သာတမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ ဇန်နဝါလ ၃ ရက်နေ့က တိုင်ကြားထားကြောင်း တိုင်ကြားသူ ဦးဇင်မင်းဦးက ပြောကြားသည်။ 

ဟင်္သာတမြို့နယ်၊ ငါးဖားအုပ်စု ကျီးတောကွက်ကျေးရွာရှိ ဦးသန်းငြိမ်း၏ခြံအတွင်း ဆက်သွယ်ရေးတိုင် တည်ဆောက်မည်ဟုသိရှိခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းတွင် အနီးဝန်းကျင်နေထိုင်သူများက စတင် ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကန့်ကွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံ အချိန်မီ တင်ပြခဲ့ကြောင်း၊ သို့ရာတွင် ကန့်ကွက်သူများ၏ ရေရှည်နစ်နာမှုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက် တည်ဆောက်သင့်ကြောင်း ထောက်ခံ လက်မှတ် ထိုးပေးခဲ့သဖြင့် ယခုကဲ့သို့ တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားသူ ဦးသိန်းထွန်းက ရှင်းပြသည်။

အဆိုပါ ဆက်သွယ်ရေးတိုင် တည်ဆောက်မည့် မြေနေရာအနီး နေထိုင်သူများသည် ကျန်းမာရေး မကောင်းမွန်သည့်အတွက် တည်ဆောက်မှုကို ကန့်ကွက်ခြင်းဖြစ်ပြီး အိမ်ထောင်စု ၂၆ စုမှ လူဦးရေ ၄၃ ဦးက လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ဆက်လက် တည်ဆောက်နေသည်မှာ ပြီးစီးလုနီးဖြစ်နေကြောင်း ဒေသခံ ဦးကံဝင်းက ပြောကြားသည်။

“ကျွန်တော့်အမျိုးသမီးက ညဘက်ဆို သွေးတွေအန်တယ်။ ဒီတာဝါတိုင်က စက်သံတွေဆူရင် မြန်မြန်သေမယ်။ ဒါကြောင့် ကန့်ကွက်တာ”ဟု ၎င်းကဆိုသည်။

ယခု ဆောက်လုပ်နေသည့် ဆက်သွယ်ရေးတိုင်အရှေ့ဘက် ပေတစ်ရာခန့်တွင် ရေကာတာ တည်ရှိနေပြီး၊ မြောက်ဘက်တွင် ဦးသန်းငြိမ်းအိမ်နှင့် ရိုးချောင်းတည်ရှိကြောင်း၊ ကပ်လျက်တွင် ဦးသန်းငြိမ်း၏သားဖြစ်သူနေအိမ်ရှိပြီး ကန့်ကွက်သူအဖြစ် အနီးဆုံးရှိနေသည့်အိမ်မှာ တာဝါတိုင်နှင့် ပေတစ်ရာမှ ပေခုနစ်ရာခန့် ကွာဝေးခြင်းကြောင့် ထောက်ခံလက်မှတ်ထိုးပေးခြင်းဖြစ်ကြောင်း တိုင်ကြားခံရသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောကြားသည်။ 

ယင်းအပြင် ဖုန်းလိုင်းမမိသည့် ငါးဖားအုပ်စု ဖွံ့ဖြိုးရေးအတွက် လုပ်သင့်သည်ဟု ယူဆသဖြင့် ထောက်ခံခြင်းဖြစ်ပြီး ဆက်သွယ်ရေးတိုင် တည်ဆောက်သူများကလည်း ကျေးရွာစာကြည့်တိုက်အတွက် ကျပ် ၁၀ သိန်း လှူဒါန်းကြောင်း၊ အဆိုပါ ဆက်သွယ်ရေးတိုင် တည်ဆောက်ရေးအတွက် ကွင်းဆင်းတွေ့ဆုံခဲ့ရာတွင် ကန့်ကွက်သူ ခြောက်ဦးရှိပြီး ထောက်ခံသူ ၅၀ ဦးခန့် တွေ့ရကြောင်း၊ တာဝါတိုင် တည်ဆောက်မည့် ခြံပိုင်ရှင်နှင့် ကန့်ကွက်သူများသည် ဆွေမျိုးတော်စပ်သူများ ဖြစ်ပြီး အာဃာတတရားများ ပါဝင်နေကြောင်း ၎င်းကရှင်းပြသည်။

R-13



FOLLOW US