News

POST TAGGED AS

ဟင်္သာတ

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်စခန်းမှူးကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးထံတိုင်
ဟင်္သာတ၊ ဒီဇင်ဘာ ၂၅

အုပ်စုဖွဲ့၍ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူရန် ပျက်ကွက်သည်ဟုဆိုကာ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တလုတ္ထော်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးတို့ကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ဒီဇင်ဘာလ ၂၄ ရက်နေ့က စာတင်တိုင်ကြားထားကြောင်း တိုင်ကြားထားသူများက ပြောကြားသည်။

ဟင်္သာတမြို့နယ် တလုတ္ထော်ကျေးရွာ အုပ်ချုပ်ရေးမှူးခေါင်းဆောင်သည့် အဖွဲ့သည် မတ်ပဲစိုက်ခင်းများ ဖျက်ဆီးခြင်း၊ ခြံစည်းရိုးများကို ဖျက်ဆီးယူငင်ခြင်းတို့ လုပ်ကိုင်ခဲ့သည့်အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တပည့်များက တုတ်များကိုင်ဆောင်၍ မိုက်ကြေးခွဲခြင်း၊ လမ်းပိတ်ဆို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများကိုဖျက်ဆီးခြင်း စသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးက ထိရောက်သည့် အရေးယူမှုများမရှိခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။

“လူအုပ်စုလိုက်ကျူးလွန်တာ ထိရောက်တဲ့ ပုဒ်မတွေ ရှိတယ်။ ဒါကို မလုပ်ဘူး။ ဖုန်းဆက် အကြောင်းကြားတော့လည်း ထိန်းသိမ်းပေးတာမရှိဘူး။ မင်းမဲ့တိုင်းပြည်လိုဖြစ်နေလို့ လူငါးယောက် လက်မှတ်ထိုးပြီးတိုင်တာ”ဟု မတ်ပဲစိုက်ခင်း ဖျက်ဆီးခံရသူ ဦးကျော်လွင်က ပြောဆိုသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တလုတ္ထော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးနှင့်အဖွဲ့ကို တလုတ္ထော်နယ်မြေ ရဲတပ်ဖွဲ့စခန်းထံ သွားရောက်တိုင်တန်းခဲ့ရာတွင် အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အားပေးကူညီမှုများဖြင့် အမှုပေါင်း ၁၁ မှု ဖွင့်ထားခဲ့ကြောင်း၊ လူအုပ်စုလိုက်အင်အားဖြင့် ကျူးလွန်ခြင်းအပေါ် ယခုထက်ပို၍ ထိရောက်သည့် ပုဒ်မများဖြင့် အကျုံးဝင်သည်ကို ဆောင်ရွက်ခြင်းမရှိကြောင်း မတ်ပဲစိုက်ခင်းနှင့် ခြံစည်းရိုးများ ဖျက်ဆီးခံရသည့် ဦးသောင်းစိန်က ပြောကြားသည်။ 

တလုတ္ထော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးအဖွဲ့နှင့် မတ်ပဲစိုက်ခင်း ဖျက်ဆီးခံရသည့် ဦးကျော်လွင်တို့ ဖြစ်ပွားနေသည့် ပြဿနာများအပေါ် တာဝန်ရှိသူများက ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ပေးမှု အားနည်းသဖြင့် အပြန်အလှန်အမှုများ ဖြစ်ကြရကြောင်း  ယင်းကျေးရွာရှိ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။ 

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် တိုင်တန်းကြခြင်းအပေါ် ရဲစခန်းက အမှုဖွင့်ပေးထားခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော် ကျင်းပလာသည့် ဦးရှင်ကြီးပွဲ မြေနေရာပြင်ဆင်သည့် ကိစ္စဖြင့် စတင်ဖြစ်ပွားကြခြင်းဖြစ်ပြီး ဘက်လိုက်ဆောင်ရွက်ခြင်းလည်း မရှိခဲ့ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှု ၁၁ မှုဖွင့်ထားသည့် ဦးကျော်လွင်ပါ ခြောက်ဦးကိုလည်း (ပ) အမှတ်၂၄၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၂၉၅-က/၂၉၆ ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးက တရားလိုပြုလုပ် အမှုဖွင့်ထားကြောင်း တလုတ္ထော်နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်တွင် တိုင်ကြားခံရသူ တလုတ္ထော်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

R-13



FOLLOW US