News

POST TAGGED AS

ဟင်္သတ

လေပြင်းကြောင့် အဆောက်အအုံ ၆၅၀ ကျော် ပျက်စီး


ကလေး၊ ဧပြီ ၎

ယမန်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကနီ၊ ဘုတလင်နှင့် ယင်းမာပင်မြို့နယ်တို့မှ အိမ်ခြေစုစုပေါင်း ၆၅၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်အပါအဝင် မြို့နယ်သုံးခုတွင် ဧပြီလ ၃ ရက်နေ့ ညနေက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အဆောက်အအုံပေါင်း ၄၅၀ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝီလီဖရန့်က ပြောကြားသည်။

ကနီ၊ ဘုတလင်နှင့် ယင်းမာပင်မြို့ နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့နယ်အတွင်းရှိ လူနေအိမ် ၇၅ လုံး၊ စာသင်ကျောင်း သုံးကျောင်း၊ ဘုတလင်မြို့ နယ်တွင် လူနေအိမ် ၈၇ လုံး၊ သာသနိက အဆောက်အအုံသုံးလုံး၊ စာသင်ကျောင်း နှစ်ကျောင်း၊ ယင်းမာပင်မြို့နယ်တွင် လူနေအိမ် ၂၉၀ လုံး၊ စာသင်ကျောင်း နှစ်ကျောင်း၊ ဒဏ်ရာရ လူနာတစ်ဦး စုစုပေါင်း အဆောက်အအုံ ၄၆၂ လုံးမှာ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းတို့ဖြစ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ 

“သူတို့ရဲ့ဆွေမျိုးတွေ အိမ်တွေတချို့လည်း ဘုန်းကြီးကျောင်းတွေ တချို့လည်း နီးစပ်ရာ မလန်တဲ့နေအိမ်မှာ မိုးကာတွေ ဘာတွေအုပ်ပြီး နေကြတယ်။ စားသောက်ဖို့တော့ အရမ်းမထိခိုက်ပါဘူး။ အိမ်အမိုးတွေ လန်သွားလို့ လောလောဆယ် နေစရာမရှိတာလောက်ပါပဲ”ဟု ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဧပြီလ ၃ ရက်နေ့ညနေက တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီးမှုရှိခဲ့ကြောင်း မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ၊ အလုံစစ်ပင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ သစ်ဆိမ့်ပင်ကျေးရွာ၊ မြစ်နားကိုင်းကျေးရွာ၊ ဦးသာပုံကိုင်းကျေးရွာ၊ မရိုးတောကျေးရွာ၊ စပြေးကျေးရွာတို့ရှိ နေအိမ် ၂၀၀ ကျော်မှာ လေပြင်းတိုက်ခတ်ခြင်းကြောင့် ခေါင်မိုးလန်ခြင်း၊ အခြေမှပြုတ်ထွက်ခြင်းနှင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ပြောကြားသည်။

အဆိုပါ လေပြင်းဒဏ်ခံရမှုကြောင့် ဧပြီလ ၄ ရက်နေ့ နေ့လယ်က သစ်ဆိမ့်ပင်ရွာမှ နေအိမ် ၁၂၇ လုံးအတွက် ထောက်ပံ့ပစ္စည်းငါးမျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“အဆိုးဆုံးက သစ်ဆိမ့်ပင်မှာ နေအိမ် ပြိုကျလွှင့်ထွက်တယ်။ စာရင်းကောက်တုန်းပဲ အိမ်ပြိုတာ၊ အမိုးလန်တဲ့အိမ်တွေကို လောလောဆယ် အခက်အခဲဖြေရှင်းနိုင်ဖို့ ပစ္စည်းငါးမျိုး ထောက်ပံ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနေ့ညနေက အသံမြည်ဟိန်းလျက် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မြားမှကျွတ်ထွက်အိမ်အလုံး ၃၀ ခန့်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်ကို ယခင်က မကြုံတွေ့ဖူးကြောင်း သစ်ဆိမ့်ပင်ရွာခံ ဦးဝင်းဇော်ထွန်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၇ ခုနှစ်အတွင်းက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မြို့နယ်ပေါင်း ၂၂၈ မြို့နယ်မှ လူဦးရေ ငါးသောင်းကျော် ဘေးဒဏ်သင့်ခဲ့ကာ ၃၂ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

R-08၊ R-20



FOLLOW US