News

POST TAGGED AS

ဟင်္သတ

ပြည်ပအဝယ်ရပ်၍ ငါးပတ်ပို့ကုန် ဈေးကွက်ကျဆင်း

ဟင်္သာတ၊ စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်မြို့နယ်ခြောက်ခုရှိ ဧရာဝတီမြစ် ကြောင်းနှင့် ငဝန်မြစ်ကြောင်းတို့မှ ဖမ်းယူ ရရှိသော ငါးပတ်ငါးမျိုးစိတ်ကို ပြည်ပ အဝယ်ရပ်ဆိုင်းခြင်းကြောင့် ဈေးကွက် ကျဆင်းလျက်ရှိကြောင်း ငါးဒိုင်လုပ်ငန်းရှင်များက ပြောကြားသည်။

ပြည်ပပို့ကုန်ဖြစ်သည့် ငါးပတ်ငါး မျိုးစိတ်များကို EU နိုင်ငံများသို့ မြန်မာနိုင်ငံက တင်ပို့ရောင်းချလေ့ရှိပြီး အဆိုပါနိုင်ငံများက အဝယ်ရပ်ဆိုင်းခြင်းကြောင့်ဟုဆိုကာ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကုန်သည်ကြီးများက ဈေးနှုန်း လျှော့ချဝယ်ယူခဲ့ကြောင်း ၎င်းတို့က ရှင်းပြပြောဆိုသည်။

ယခုလအတွင်း ငါးပတ်ငါးအကြီး အရွယ်အစား ၁၀ ပိဿာလျှင် တစ်သိန်း နှစ်သောင်းကျပ်၊ အလတ်အရွယ်အစား ၁၀ ပိဿာလျှင် ခုနစ်သောင်းကျပ်နှင့် အရွယ်အစား အသေးဆိုပါက ၁၀ ပိဿာလျှင် ကျပ်ခြောက်သောင်းဖြင့် အဖွင့်ဈေး ရှိခဲ့ပြီး ငါးပတ်ငါး အရွယ်အစားအလိုက် ၁၀ ပိဿာလျှင် ကျပ်နှစ်သောင်းအထိ ဈေးကျဆင်းခဲ့ကြောင်း ဟင်္သာတမြို့ခံ ငါးဒိုင်လုပ်ငန်းရှင် ဦးရွှေဘက ပြောကြားသည်။

စက်တင်ဘာလတွင် ငါးပတ်ငါးများကို ဖမ်းယူရရှိမှု နည်းပါးနေခြင်းကြောင့် ရေလုပ်သားများ စိတ်ဝင်စားရန် အဖွင့်ဈေးပေးထားခြင်းသာဖြစ်ပြီး အမှန်တကယ် ကုန်ချိန်များစွာ ရရှိပါက ယင်းဈေးနှုန်းများထက် ထပ်မံ ကျဆင်းနိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဇွန်လ၊ ဇူလိုင်လများ၌ ပြည်ပ ပို့ကုန် အရွယ်အစား ငါးပတ်ငါးများ ဖမ်းဆီးရမိလေ့ ရှိသော်လည်း ငါးမျိုးစိတ်များ ရှားပါးလာခြင်းကြောင့် ရေလုပ်သားများ အပါအဝင် ငါးဒိုင်လုပ်ငန်းရှင်များပါ လုပ်ငန်းများ လုပ်ငန်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပြည်ပ ပို့ကုန်ငါး လုပ်ငန်းအတွေ့အကြုံရှိသူ ဟင်္သာတမြို့ခံ ဦးတင်ဝင်းက ပြောကြားသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်ကစ၍ ငါးရှားပါးလာခြင်းကြောင့် တစ်ရက်လျှင် ပိဿာ ၁၀ဝ အထက် အရောင်းအဝယ်ဖြစ် နေသည့်အခြေအနေမှ ရက် ၃၀ လျှင် ပိဿာ ၁၀ဝ အောက်အထိသာ အရောင်းအဝယ် ရှိနေကြောင်း၊ အဆိုပါ ငါးမျိုးစိတ်များကို ဖမ်းယူရရှိမှု နည်းပါးခြင်းကြောင့် ရေလုပ်သားများ၏ စားဝတ်နေရေးပါ ကျပ်တည်းလာခဲ့ရကြောင်း အင်္ဂပူမြို့ခံ ရေလုပ်သား ဦးမောင်မြက ပြောကြားသည်။

R-13



FOLLOW US