News

POST TAGGED AS

သင်္ကြန်

19-Mar-2017

တောင်ငူ
ရွှေပိဿာ ချိန်နှင့်ချီထွက်သော ခလိန်ရွှေတွင်းဟောင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
တောင်ငူ၊ မတ် ၁၈

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ခလိန်ဒေသတွင် ရွှေပိဿာ ချိန်နှင့်ချီ ထွက်ရှိသော ရွှေတွင်းဟောင်းတွင် မတ်လ ၁၈ ရက်  မွန်းတည့်  ၁၂ နာရီက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

ရွှေလုပ်ကွက်ဟောင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုနှင့် နယ်မြေခံ တပ်ရင်းတစ်ခုမှ လုံခြုံရေး ရယူထားကြောင်း၊ ရွှေတူးဖော်ရေး လုပ်ငန်းခွင်သို့ အလှည့်ကျ စနစ်ကို မစောင့်ဆိုင်းဘဲ  အမျိုးသားတစ်ဦးက အတင်းတိုးဝှေ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ယင်းအမျိုးသားက သေနတ်ကို လုယက်ခဲ့သဖြင့် တာဝန်ကျ တပ်ရင်းတစ်ခုမှ တပ်မတော်သားက ပစ်ခတ်သည်ဟု ကနဦး သိရှိထားကြောင်း၊ အသေးစိတ် သိရှိနိုင်စေရန် နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း  ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“ကနေ့မနက်က အလှည့်ကျ တူးဖော်နေကြတုန်း ရှေ့က တူးဖော်နေတဲ့အဖွဲ့နဲ့ နောက်ကအဖွဲ့ကို တားထားတဲ့ ဝါးလုံးတန်းကို နောက်ကအဖွဲ့က တိုးခွေ့ပြီး ဝင်တိုးတာ၊ ဒါကို နယ်မြေလုံခြုံရေး ယူထားတဲ့ တပ်တစ်ခုက တပ်သားက ဟန့်တားရင်း ပစ်မိသွားတာလို့ သိရတယ်၊ သေနတ်ထိပြီး သေတဲ့သူက  ရွှေကျင်မြို့နယ် စလူချောင်းကျေးရွာကလို့ သိရတယ်” ဟု ခလိန်ဒေသခံ အမျိုးသားကြီးတစ်ဦးက ပြောဆိုသည်။ 

လွန်ခဲ့သော တစ်လကျော်က စတင်ပြီး ရွှေတစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသူများက တစ်ရက်လျှင် ရွှေတစ်ဆယ်သားမှ ငါးဆယ်သားအထိ ရရှိထားသော သတင်းကြောင့် မတ်လ ပထမပတ်မှ စတင်ကာ ဒေသခံ လူရာနှင့်ချီ လာရောက်လုပ်ကိုင်နေကြောင်း၊ မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အကြောင်းပြချက်ဖြင့် မတ်လ ၅ ရက်က ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ KNU တပ်မဟာ (၃) က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း နယ်မြေခံ ရဲစခန်းထံမှ သိရှိရသည်။

“လွန်ခဲ့တဲ့ လေးငါးရက်က ဒေသခံတွေကို ကေအန်ယူက အလှည့်ကျ တူးခွင့်ပေးလိုက်တယ်၊ အခင်းဖြစ်ချိန် ကိုကုလားကို သေနတ်နဲ့ပစ်လိုက်ပြီ ပစ်လိုက်ပြီဆိုပြီး အနီးက လူတွေ ထွက်ပြေးသွားကြတာ၊ အခု အလောင်းကိုတော့ တာလပတ်နဲ့ အုပ်ထားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ 
ရွှေလုပ်ကွက်ဟောင်းနေရာနှင့် အနီးတစ်ဝိုက် ရွှေထွက်ရှိရာ နေရာများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့များကို စီမံခန့် ခွဲမှုပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားကြာင်း ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ရွှေကျင်မြို့နယ် ဝင်းခနိမ်ကျေးရွာအုပ်စု ခလိန်ဒေသရှိ ရွှေလုပ်ကွက်ဟောင်း တစ်ခုတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ကာ ဒေသခံအချို့က ပေါက်ပြားပေါက်တူးများဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခဲ့ကြရာမှ အိမ်ထောင်စုတစ်စုလျှင် ကျပ်သိန်းရာနှင့်ချီကာ ရရှိခဲ့ကြောင်း၊ ရွှေလာတူးသူ ဒေသခံ ၅၀၀ ကျော် ရှိလာသဖြင့် ရွှေတွင်းဟောင်းနေရာကို နယ်မြေခံ လက်နက်ကိုင်အဖွဲ့ KNU နှင့် တပ်မတော်မှ စောင့်ရှောက်ထားကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လုပ်ကွက်ကို  ရွှေကျင်မြို့နယ် ဒေသခံ ဦးသိန်းဝင်းနှင့် ရွှေကျွန်းကြီး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ လုပ်ကိုင်ခဲ့သော်လည်း ရွှေအထွက်နည်းသဖြင့် လုပ်ကွက်ကို ရပ်နားခဲ့ကြောင်း၊  ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေတွင်းဟောင်း၌ ဒေသခံများက ရွှေတူးဖော်မှု များပြားလာသောကြောင့် မတ်လ ၃ ရက်က အမှတ်(၂ ) သတ္တုတွင်းလုပ်ငန်းသို့ ပြန်လည်တူးဖော်ခွင့် လျှောက်ထားခဲ့ကြောင်း ရွှေကျင်မြို့မ ရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US