News

POST TAGGED AS

သင်္ကြန်

19-Apr-2018

မန္တလေး သင်္ကြန်
မန္တလေးသင်္ကြန် သေဆုံးသူရှစ်ဦးနှင့် ဆေးကုသမှုခံယူသူ ၆၀၀ ကျော်ရှိ


မန္တလေး၊ ဧပြီ ၁၈

သင်္ကြန်ပွဲတော်ကာလက မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ရောက်ရှိလာပြီး ဆေးကုသမှုခံယူခဲ့ရသူ ၆၀၀ ကျော်နှင့် သေဆုံးသူရှစ်ဦးရှိကြောင်း ယင်းဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။

ယမန်နှစ် သင်္ကြန်ပွဲတော်က ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၈၁၃ ဦးအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ၆၈၃ ဦးသာ ရှိခဲ့သဖြင့် ၂၇၀ ဦးခန့် လျော့နည်းခဲ့ကြောင်း၊ ယမန်နှစ်က သေဆုံးသူ ၁၇ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ရှစ်ဦးသာရှိခဲ့သဖြင့် ကိုးဦးလျော့နည်းခဲ့ကြောင်း ယင်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

“သေဆုံးသူတွေကတော့ အပြင်မှာ အကြောင်းအမျိုးမျိုးနဲ့သေဆုံးပြီးမှ ဆေးရုံကိုရောက်လာတာ။ အားလုံး ရှစ်ယောက်ရှိတယ်။ ဆေးရုံမှ ဆေးကုသနေရင်း သေဆုံးတာမျိုးတော့ မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဆေးရုံသို့ ရောက်ရှိလာသူများအနက် အတွင်းလူနာအဖြစ် အမျိုးသား ၁၆၇ ဦး၊ အမျိုးသမီး ၂၅ ဦးရှိပြီး ပြင်ပလူနာအဖြစ် အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၆၇ ဦးရှိခဲ့ကြောင်း ဆေးလူမှုဆက်ဆံရေးဌာနထံမှ ထပ်မံသိရသည်။

ဆေးရုံသို့ ရောက်ရှိလာသူများအနက် အများစုမှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားရာမှ ဒဏ်ရာဖြင့် ရောက်ရှိလာသူများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ အမူးလွန်ကာအိပ်ပျော်နေစဉ် သေဆုံးသွားခြင်း၊ ရေနစ်သေဆုံးခြင်းတို့ပါဝင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ထံမှလည်း သိရသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း နာကျင်စေမှုဖြင့် အမှုသုံးခုဖွင့်လှစ်ထားပြီး ခိုက်ရန်ဖြစ်ပွားမှုလေးခုအတွက် အမှုဖွင့်ထားကြောင်း၊ လက်နက်မှုခြောက်မှု၊ ယစ်မျိုး ၆၆ မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှု ခြောက်မှုတို့အတွက် ကျူးလွန်သူများကိုလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

မန္တလေးဆေးရုံကြီးမှ တာဝန်ရှိသူများအနေနှင့် သင်္ကြန်ပွဲတော်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအတွက် အရေးပေါ်ကုသဌာန၊ မျက်နှာနှင့် မေးရိုးကုသဌာန၊ ဦးနောက်နှင့်အာရုံကြော ကုသဌာနတို့တွင် ဆေးဝါးပိုမိုချထားပေးထားပြီး အရပ်ဘက်လူမှုကူညီရေး အသင်း ၃၀ နီးပါးကလည်း ကူညီဆောင်ရွက်ပေးခဲ့သည်။  

M-04



FOLLOW US