News

POST TAGGED AS

သင်္ကြန်

06-Apr-2018

ရန်ကုန် သင်္ကြန်
ရန်ကုန်သင်္ကြန်တွင် လူအစုအပြုံလိုက် ထိခိုက်အန္တရာယ်ကြုံတွေ့ပါက အရေးပေါ်ကုသနိုင်ရန် ပြင်ဆင်
ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်သင်္ကြန်တွင် လူအစုအပြုံလိုက် ထိခိုက်အန္တရာယ်ကြုံတွေ့ပါက အရေးပေါ်ကုသပေးနိုင်ရန် ဗဟိုအဆင့်၊ တိုင်းအဆင့် ဆေးရုံကြီးများတွင် ပြင်ဆင်ထားပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။

“ဆေးရုံတိုင်းမှာ လူ အစုလိုက်အပြုံလိုက် အန္တရာယ်တွေ ကြုံတဲ့အခါကျရင် ကုသပေးဖို့ ဆောင်ရွက်ထားတယ်။ နောက်အပူချိန် ပြင်းထန်လာပြီဆိုတော့  Heat Stoke ဖြစ်နိုင်တယ်။ ဘယ်လိုထိခိုက် ဒဏ်ရာမဆို ကုသပေးနိုင်အောင် ပြင်ထားတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး အပါအဝင် တိုင်းအဆင့်၊ ပြည်နယ်အဆင့် ဆေးရုံများ၌ ဝန်ထမ်းအင်အား တိုးချထားပြီး ဆေးဝါးလိုအပ်ချက်မရှိရန် စုဆောင်းထားကြောင်း ဦးနိုင်ငံလင်းက ဆိုသည်။

“ဝန်ထမ်းတာဝန်ချမှုလည်း မပြတ်လပ်သွားဖို့ တာဝန်ခံတွေထားပြီးတော့ ဆောင်ရွက်ထားတယ်။ အဓိက နှစ်ချက်ကတော့ အဆင်သင့်ဖြစ်ဖို့နဲ့ ပြင်ဆင်ထားဖို့ပါပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် သင်္ကြန်ကာလ၌ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်မတော်တဆမှုအပါအဝင် သွေးထွက်သံယိုကိစ္စရပ်များအတွက် အမျိုးသားသွေးဌာနနှင့် ချိတ်ဆက်၍ ဆေးရုံကြီးများအလိုက် အပိုဆောင်းထားရှိမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနထံမှ စုံစမ်းသိရသည်။

“လူနာကို ဆေးဝါးပြည့်ပြည့်စုံစုံနဲ့ အချိန်မီ ကုသနိုင်အောင် စီစဉ်ထားတယ်”ဟု အနောက်ပိုင်းခရိုင် ဆေးရုံကြီးအရေးပေါ် ကုသရေးဌာနမှ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

ယခင်နှစ်သင်္ကြန်လေးရက်တွင် ထိခိုက်မှုနှင့်ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနသို့ တက်ရောက်သူ လူနာပေါင်း ၈၉၁ ယောက်ရှိကြောင်း ရန်ကုန်ဆေးရုံကြီး၊ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

ထို့အပြင် ယခင်နှစ်သင်္ကြန်ကာလတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနသို့ တက်ရောက်ကုသသူများအနက်မှ သေဆုံးသူ ၉ ဦးရှိကြောင်း ယင်းဆေးရုံကြီးထံမှ စုံစမ်းသိရသည်။

J-17



FOLLOW US