News

POST TAGGED AS

သင်္ကြန်

06-Apr-2018

မန္တလေး သင်္ကြန်
မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအသင်းမဏ္ဍပ် အခမဲ့ရေကစားခွင့်ပေး
မန္တလေး၊ ဧပြီ ၅

မန္တလေးမြို့ရှိ မြန်မာအမျိုးသမီးများ စီးပွားရေးလုပ်ငန်းရှင်များအသင်းမဏ္ဍပ်တွင် အခမဲ့ရေကစားနိုင်ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောကြားသည်။

“ရေပက်ဖို့ အခကြေးငွေပေးစရာ မလိုပါဘူး။ အခကြေးငွေမပေးရတဲ့အပြင် တူညီဝတ်စုံတွေပါထုတ်ပေးဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

ရေပက်ကစားလိုသူများအနေနှင့် ၃၅ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ ဒေါင်းလန်းကြီး မြန်မာ့ရိုးရာ ပွဲတော်စာဆိုင်၊ လမ်း ၈၀၊ ၂၇ လမ်းနှင့် ၂၈ လမ်း ကြားရှိ အေးချမ်းသာဆေးရုံနှင့် လမ်း ၈၀၊ လမ်း ၂၀ နှင့် ၂၁ ကြားရှိ ဂါရူးဒါးပိုးထည်တိုက်တို့တွင် စာရင်းပေးသွင်းနိုင်ကြောင်းလည်း မြန်မာအမျိုးသမီးများ စီးပွားရေး လုပ်ငန်းရှင်များအသင်းက ကြေညာထားသည်။

မြန်မာအမျိုးသမီးများစီးပွားရေး လုပ်ငန်းရှင်များအသင်း (မန္တလေး) အနေနှင့် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ၂၆ လမ်းပေါ်ရှိ ၆၆ လမ်းနှင့် ၆၈ လမ်းကြားတွင် မဏ္ဍပ်တည်ဆောက်မည်ဖြစ်ပြီး သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့အထိ နံနက် ၈ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် ရေပက်ကစားမည်ဖြစ်ကာ အဆို၊ အကများဖြင့်ဧည့်ခံမည့်အပြင် တစ်ရက်နှစ်ကြိမ် စတုဒိသာကျွေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင်္ကြန်အကြိုနေ့တွင် မြို့မအသင်းကြီးနှင့်အတူ မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ပါဝင်ဆင်နွှဲမည်ဟု မြန်မာအမျိုးသမီးများ စီးပွားရေးလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများက ပြောကြားသည်။

“မန္တလေးသင်္ကြန်ဟာ မြို့မပါမှ ပြည့်စုံတဲ့အတွက် ဟိုတုန်းကရှေးသင်္ကြန်လိုပဲ မြို့မအသင်းကြီးနဲ့ငွေငန်းရုပ်ကြီးကို ဝိုင်းပတ်ကမယ်။ လူတွေရဲ့စိတ်ထဲကို အတာနှစ်ကူးတဲ့အချိန်မှာ စိတ်သာယာကြည်နူးချမ်းမြေ့ကြပါစေဆိုတဲ့စေတနာနဲ့ ဝိုင်းပတ်ကပြီးဖွင့်တာ” ဟု ဒေါ်ခင်လေးမြင့်က ထပ်လောင်းပြောဆိုသည်။

မြန်မာအမျိုးသမီးများစီးပွားရေး လုပ်ငန်းရှင်များအသင်း (မန္တလေး) သည် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလကစ၍ မန္တလေးဟန်ရှိသည့်သင်္ကြန်ကို ဖော်ဆောင်သည့်အနေနှင့် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့သေးသည်။

M-07



FOLLOW US