News

POST TAGGED AS

သင်္ကြန်

ရန်ကုန်သင်္ကြန် လုံခြုံရေးအင်အား ၇၀၀၀ ကျော်အထိ သုံးမည်
ရန်ကုန်၊ ဧပြီ ၃ 

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပမည့် အတာသင်္ကြန်ပွဲတော် ကာလတစ်လျှောက် လုံခြုံရေးကျိုးပေါက်မှု မရှိစေဘဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၇၀၀၀ ကျော်ကို အသုံးပြုမည်ဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

အသုံးပြုမည့် လုံခြုံရေးအင်အားတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် အင်အား ၄၂၉၀ ဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် အမှတ် (၂) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့ အပါအဝင် တပ်ဖွဲ့ပေါင်းစုံမှ တပ်ဖွဲ့ဝင်အင်အား ၁၄၇၁ ဦး၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များတို့မှ တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လုံခြုံရေးအင်အား ၇၀၀၀ ကျော် အသုံးပြုသွားမည်ဖြစ်သည်။

“ရဲအင်အားက ၅၀၀၀ ကျော် ဆိုပေမယ့် ကျန်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေ အပါအဝင်ဆို လုံခြုံရေးအင်အားက ၇၀၀၀ ကျော်ရှိမယ်။ လူစည်ကားတဲ့နေရာတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် လူထုက စိတ်အေးချမ်းသာစွာနဲ့ ရေကစားနိုင်အောင် ဘက်ပေါင်းစုံကနေ လုံခြုံရေးအပိုင်းရော ပြည်သူ့ဝန်ဆောင်မှု အပိုင်းကိုပါ ဆောင်ရွက်ပေးသွားမှာပါ”ဟု ရဲမှူးချုပ်ဝင်းနိုင်က ရှင်းပြသည်။

ရန်ကုန်သင်္ကြန်ပွဲတော်ကာလတွင် နေရာလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး၊ ယာဉ်တန်းလုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ အရေးပေါ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးတို့ဖြင့် လုံခြုံရေးအဆင့် ၇ ဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၂) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှ ရဲမှူးချုပ်တင်ကိုကိုက ပြောသည်။

ယင်းအပြင် သင်္ကြန်ပွဲတော်ကာလတွင် ရေကစားနေသူများထံမှ ခါးပိုက်နှိုက်၊ ခြိမ်းခြောက်၊ လုယက်မှုများ မဖြစ်ပွားစေရန် ရေကစားမဏ္ဍပ်နှင့် အများပြည်သူ အပန်းဖြေသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၈၅ ဦးက အရပ်ဝတ်ဖြင့် အသွင်ယူစုံစမ်း သတင်းယူရန် တာဝန်ချထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မှုခင်းတစ်စုံတစ်ရာ ဖြစ်ပွားပါက ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော် ထုတ်အရေးယူနိုင်ရန် သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထောက်အကူပြု CCTV ကင်မရာများကို တပ်ဆင်ရန် ညွှန်ကြားထားပြီး အလုံပိတ် ဆောက်လုပ်ထားသည့် မဏ္ဍပ်များနှင့် သရုပ်ပျက် ဖျော်ဖြေမှုနှင့် ဝတ်ဆင်မှုများပြုလုပ်သည့် မဏ္ဍပ်များကို အရေးယူပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

“YBS ယာဉ်မောင်းတွေ အရက်သေစာသောက်စားပြီး ကားမောင်းတာမျိုး မဖြစ်စေရအောင် ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်ထွက်မယ့် ဂိတ်တွေကနေ သေချာ ကြပ်မတ်စစ်ဆေးဖို့လိုတယ်။ မြို့နယ် အလိုက် အထူးတရားရုံးတွေဖွင့်ထားပြီး ဥပဒေနဲ့ ငြိစွန်းသူတွေကို ချက်ချင်းအမှု စီရင်ဆုံးဖြတ်ပေးဖို့ပါ စီစဉ်ထားတယ်။ လေဆိပ်နဲ့ ရေကြောင်းအပိုင်းကိုလည်း လေကြောင်းရဲနဲ့ ရေကြောင်းရဲတွေက ကြပ်မတ်ဆောင်ရွက်သွားဖို့ ညွှန်ကြားသွားမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် ဌာနဆိုင်ရာ မဏ္ဍပ်များအပါအဝင် စုစုပေါင်း မဏ္ဍပ် ၆၆ ခု တည်ဆောက်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော် သုံးနေရာပါ စီစဉ်၍ စည်ကား သိုက်မြိုက်စွာဖြင့် ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US