News

POST TAGGED AS

သင်္ကြန်

မန္တလေးတိုင်းအတွင်း သင်္ကြန်လုံခြုံရေးအင်အား ငါးထောင်နီးပါးသုံးမည်


မန္တလေး၊ ဧပြီ ၁

မန္တလေးတိုင်းအတွင်း သင်္ကြန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်းအင်အား ငါးထောင်နီးပါးအသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“တိုင်းအနေနဲ့ဆိုရင် အင်အား အားလုံးပေါင်း ၄၉၅၀ လောက် တာဝန်ပေးထားတယ်။ မြို့တွင်းမှာတော့ ကျုံးပတ်လည်ရော၊ မြို့တွင်း အခြားမဏ္ဍပ်ကြီးတွေရဲ့လုံခြုံရေး၊ လှည့်ကင်း၊ လမ်းကြောင်းလုံခြုံရေး စတာတွေအတွက်က အင်အားနှစ်ထောင်လောက်နဲ့ လုံခြုံရေးယူမှာပါ။ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်ရမှာပါ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

သင်္ကြန်ပွဲတော် လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အနေနှင့် သင်္ကြန်အကြိုကာလ၊ သင်္ကြန်ပွဲတော်ကာလနှင့် ပွဲတော်ပြီးကာလဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အများပြည်သူလည်ပတ်ရာ နေရာများ၊ မဏ္ဍပ်များ၊ လူစည်ကားရာ နေရာများအတွက် လုံခြုံရေးဆောင်ရွက်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကြီးကြပ်ခြင်း၊ မူးယစ်ရမ်းကားမှုများ ထိန်းသိမ်းခြင်း၊ မှုခင်းများ မဖြစ်ပွားစေရေးဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ စောင့်ကြည့်ကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ခုလက်ရှိဆိုရင် သင်္ကြန်အကြို ကာလစီမံချက်အနေနဲ့ ဆေးဆိုင်တွေမှာ တားမြစ်ဆေးတွေစစ်ဆေးတာ၊ တည်းခိုခန်းတွေ အသိပညာပေးတာတွေ လုပ်နေပြီ။ သင်္ကြန်တွင်းကတော့ အစုံပါပဲ၊ သံအမတ်တွေလုံခြုံဖို့၊ မဏ္ဍပ်တွေမှာ မဖြစ်သင့်တာမဖြစ်ဖို့ စောင့်ကြည့်ရတယ်။ တစ်ခါ အကြမ်းဖက်ဖြစ်စဉ်တွေမဖြစ်ဖို့ သတင်းတွေရယူစောင့်ကြည့်တာတွေ၊ မန္တလေးမြို့နဲ့ ဆက်စပ်မြို့တွေကနေ စစ်ဆေးတာတွေ အကုန်လုပ်ရပါတယ်”ဟုလည်း အဆိုပါအရာရှိက ထပ်မံပြောဆိုသည်။

ယင်းအပြင် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက ကူညီဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ရင်း၊ စစ်တပ်၊ စသည့်အဖွဲ့အစည်းများကလည်း အရံတပ်ဖွဲ့အနေနှင့်ကူညီနိုင်ရန် မန္တလေးတိုင်းရဲတပ်ဖွဲ့က စီစဉ်ထားသည်။

ရဲတပ်ဖွဲ့အနေနှင့် အများပြည်သူ လုံခြုံရေး ဆောင်ရွက်ပေးရမည့်အပြင် သင်္ကြန်ပွဲတော် ရုံးပိတ်ရက်အတွင်း ဥပဒေချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်သူများကို တရားစွဲတင်ရေး၊ ဖမ်းဆီးခြင်း၊ ချုပ်ရက်ရမန်ယူခြင်းများကိုလည်း ဆောင်ရွက်ရန်အတွက် ရုံးတာဝန်ကျ တပ်ဖွဲ့ဝင်များထားရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။  

M-04



FOLLOW US