News

POST TAGGED AS

သင်္ကြန်

သင်္ကြန်ကာလ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၌ ဝန်ထမ်းနှစ်ဆခန့် တာဝန်ချမည်
ရန်ကုန်၊ မတ် ၂၉

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာန၌ ပုံမှန်ရက်များထက် ဝန်ထမ်းအင်အား နှစ်ဆနီးပါးတိုး၍ ဝန်ထမ်းတစ်ရာကျော် တာဝန်ချထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဒုတိယညွှန်ကြားရေးမှူး ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

အဆိုပါအရေးပေါ်ဌာနတွင် ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းနှင့် အလုပ်သမားဝန်ထမ်းများအပါအဝင် တစ်နေ့လျှင် ဝန်ထမ်းအင်အား ၁၀၀ မှ ၁၅၀ ကြား တာဝန်ချထားပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆေးဝါးကိရိယာများ၊ အရေးကြီးဆေးဝါးများနှင့် အခြေခံဆေးဝါးများကိုလည်း လိုအပ်ချက်မရှိစေရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးထံမှ သိရသည်။

“ဆေးဝါးတွေကို နှစ်တိုင်း မတ်လအလယ်ကနေစပြီး စုဆောင်းလေ့ရှိတယ်။ အရင်နှစ်ကရောက်ရှိတဲ့ လူနာဦးရေအပေါ် မူတည်ပြီးတော့ ခန့်မှန်းတွက်ချက်ပြီး ဆောင်ရွက်ထားပါတယ်”ဟု ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ရှင်းပြသည်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့်လူနာပေါင်း ၈၉၁ ဦးရှိပြီး ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ရောက်ရှိခဲ့သူ ၃၅၀ ဦး၊ ခိုက်ရန်ဖြစ်ပွား၍ ရောက်ရှိလာသူ ၁၈၀ ဦးမှ ၁၉၀ ဦးကြား၊ သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး အခြားအသေးစားထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ရောက်ရှိလာသည့် လူနာများလည်းရှိကြောင်း ယင်းဌာန၏ မှတ်တမ်းများအရ သိရသည်။

အရေးပေါ်ဌာနအနေနှင့် ပုံမှန်အချိန်များတွင်လည်း ၂၄ နာရီ ကာလပတ်လုံး ရောက်ရှိလာသမျှ လူနာများကို ပြုစုစောင့်ရှောက်ကုသမှုပေးလျက်ရှိကြောင်း၊ ယခုကာလသည် အပူချိန်မြင့်မားသည့်အတွက် အရက်သေစာ သောက်သုံးသူများအနေနှင့် ဦးနှောက်သွေးကြောပေါက်ခြင်းများ ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ ထို့အပြင် လူလတ်ပိုင်းများသည် ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပွားပြီး လူငယ်ပိုင်းများသည် ခိုက်ရန်ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း အရေးပေါ်ဌာန၏ အချက်အလက်များအရ သိရသည်။

J-12



FOLLOW US