News

POST TAGGED AS

သင်္ကြန်

ဟိန္ဒားသတ္တုတွင်း ဆေးရုံအတွက် ကျန်းမာရေးဝန်ထမ်းခန့်ရန် ထပ်တောင်းဆိုမည်
ထားဝယ်၊ မတ် ၂၀

ထားဝယ်ခရိုင် ဟိန္ဒားရွာရှိ သတ္တုတွင်းဆေးရုံတွင် ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထပ်မံတောင်းဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

သတ္တုတွင်းဌာနပိုင် အဆိုပါဆေးရုံတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း များခန့်ထားရန် ယမန်နှစ်က ပြည်ထောင်စုဝန်ကြီးဌာနထံ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ခန့်အပ်ခြင်းမရှိသေးသည့်အတွက် ထပ်မံတောင်းဆိုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

သတ္တုတွင်းဌာနပိုင်ဖြစ်သည့် အဆိုပါ ဆေးရုံတွင် ဆရာဝန်များ၊ သူနာပြု ဆရာမ များ မရှိသည့်အတွက် ပိတ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆေးရုံအဆောက် အအုံကို သတ္တုတွင်းကုမ္ပဏီ (ပွန်ပီပက်) က ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့သော် လည်း ကျန်းမာရေးဝန်ထမ်းများ မရှိသည့် အတွက် လက်ရှိအချိန်ထိ ဆေးရုံဖွင့်နိုင် ခြင်း မရှိသေးဘဲ ဆေးပေးခန်းအဖြစ်သာ ဖွင့်ထားရကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

“ဘယ်အချိန်မှာ ခန့်မလဲမျှော်နေပါတယ်၊ တောင်းထားပြီးပြီ၊ လက်ရှိပြည်ထောင်စုရဲ့ အခြေအနေ ဘာရှိတယ်ဆိုတာ ဘာမှမလာသေးဘူး”ဟု ဦးဟိုပင်က ပြောသည်။

ဆေးရုံဖွင့်နိုင်ပါက သတ္တုတွင်း အလုပ်သမားများကိုသာမက အနီးအနားရွာများမှ ပြည်သူများကိုပါ ကုသပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဆေးရုံမရှိသည့်အတွက် ဒေသခံများ ကျန်းမာရေးချို့ယွင်းမှုဖြစ်လာပါက မေတ္တာမြို့ဆေးရုံနှင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရပြီး အခက်အခဲရှိနေကြောင်း ဟိန္ဒားကျေးရွာအုပ်စု ရေပူဝရွာနေ နော်အယ်ဝါးက ဆိုသည်။

“ဆေးရုံကတော့ အရမ်းလိုအပ်တာပေါ့ရှင်၊ တစ်ခုခု ထိခိုက်ဒဏ်ရာဖြစ်ရင် အရမ်းပင်ပန်းတယ်”ဟု နော်အယ်ဝါးက ပြောသည်။

ဟိန္ဒားဆေးရုံပိတ်ထားရသည်မှာ ၁၀ နှစ်နီးပါး ကြာပြီဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ပထမအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးတစ်ခုတွင် တိုင်းဒေသကြီးသစ်တောနှင့် သတ္တုဝန်ကြီးက ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း လက်တွေ့နှင့်ကွဲလွဲကာ ဖြေဆိုခဲ့ဖူးသည်။

Dawei Watch




FOLLOW US