News

POST TAGGED AS

သင်္ကြန်

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော် ပထမဆုံးအကြိမ် ကျင်းပမည်


ကျိုင်းတုံ၊ မတ် ၁၉

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မတ်လ ၂၁ ရက်မှစတင်ကာ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။

အဆိုပါ ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ရိုးရာ ဓလေ့ထုံးထမ်းဆိုင်ရာများကို စာတမ်းဖတ်ကြားခြင်း၊ ယဉ်ကျေးမှု ပြခန်းများ၊ ရိုးရာ အစားအသောက်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း၊ စာတမ်းများ ပြန်အသုံးပြုနိုင်စေရန် တက္ကသိုလ်များတွင် မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ်များ အဓွန့်ရှည် တည်တံ့ရန်၊ ရိုးရာအစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်များကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသား လူမျိုးစုများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုအားကောင်းလာစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ ပွဲတော်ကျင်းပခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အနေနှင့် ဂုံရှမ်း၊ တိုင်းလွိုင် (လွယ်)၊ အာခါ၊ လားဟူ၊ အဲန်နဲ့ “ဝ” တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ခြောက်ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး လူ ၁၄၀ ကျော်က မတ်လ ၁၈ ရက်တွင် တောင်ကြီးသို့ ထွက်ခွာသွားကြောင်း ကျိုင်းတုံမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ပြောသည်။

ရှမ်းပြည်နယ်ရှိ ဂုံရှမ်း၊ ဓနု၊ ပအိုဝ်း၊ ကချင်၊ လီဆူ၊ ကယန်း၊ “ဝ”၊ အာခါ၊ လားဟူ၊ ကိုးကန့်၊ ယင်းနက်၊ အင်းသား၊ တအာင်း (ပလောင်) စသည့် တိုင်းရင်းသားလူမျိုးစုများ၏ စာတမ်းဖတ်ပွဲကို တောင်ကြီးတက္ကသိုလ်နှင့် ပြပွဲများ၊ ဖျော်ဖြေပွဲများနှင့် ရိုးရာအစားအသောက် ဈေးရောင်းပွဲတော်များကို အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် မတ်လ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

R-16



FOLLOW US