News

POST TAGGED AS

သင်္ကြန်

ပုသိမ်တက္ကသိုလ်တွင် ပထမအကြိမ် ကျောင်းတွင်းရေသဘင်ပွဲတော် ကျင်းပ


ပုသိမ်၊ မတ် ၈ 

ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဦးဆောင်ကာ ပထမအကြိမ် ကျောင်းတွင်း ရေသဘင်ပွဲတော်ကို မတ်လ ၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း ယင်းပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ 

ပုသိမ်တက္ကသိုလ် ကျောင်းရေသဘင်ပွဲတော်ကို ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောတို့ တက်ရောက်ခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ နွေကျောင်းပိတ် ပျော်ရွှင်စွာ ခွဲခွာနှုတ်ဆက်နိုင်ရန်၊ ပိုမိုချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိစေရန်နှင့် ယဉ်ကျေးမှုကို ခေတ်နှင့်အညီ ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခဲ့ကြောင်း ကျင်းပရေးကော်မတီဝင် အင်္ဂလိပ်ဘာသာရပ် အထူးပြု ဘွဲ့ကြိုကျောင်းသား ကိုလွင်မိုးအောင်က ရှင်းပြသည်။

“ယဉ်ကျေးမှုကိုလည်း မပျောက်အောင် ပထမပိုင်းမှာ မြန်မာသင်္ကြန် ယိမ်းအကတွေနဲ့ ဖြေဖျော်ခဲ့ပြီး နောက်ပိုင်းမှာ ခေတ်အကြိုက်အဆိုတော်တွေဖြစ်တဲ့ X Box၊ ဝိုင်းလေး၊ ခင်စုစုနိုင်တို့က သီဆိုဖျော်ဖြေပါတယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းအပြင် သင်္ကြန်မုန့်များဖြင့်လည်း ရေသဘင်ပွဲလာသူများကို ဧည့်ခံကျွေးမွေးခဲ့ကြောင်း၊ လာမည့်နှစ်များတွင် နှစ်စဉ်ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုချစ်လင်းထက်က ပြောသည်။

“ကျောင်းသားတွေ စည်းလုံးညီညွတ်စွာ မြန်မာ့ရိုးရာမပျက် ဆောင်ရွက်သွားတာကို တွေ့ရတယ်။ ပေါင်းစည်းညီညွှတ်မှုအားနဲ့ စိတ်နှစ်ပြီး ရိုးရာဓလေ့ကို ဖော်ဆောင်သွားတာတွေ့ရတော့ ကြည်နူးရတယ်”ဟု ပုသိမ်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ဆရာ ဦးသန်းထိုက်အောင်က မှတ်ချက်ပေးသည်။

ဧရာဝတီတိုင်းရှိ ကျောင်းသင်္ကြန်ပွဲတော်များကို ပုသိမ်နည်းပညာတက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင်လည်း ကျင်းပခဲ့သည်။

R-12 



FOLLOW US