News

POST TAGGED AS

သင်္ကြန်

မြေနုကျွန်းလုပ်ကိုင်ခွင့်ရရေး မြေယာမဲ့တောင်သူများ တောင်းဆို
ပုသိမ်၊ မတ် ၃

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အိုင်ဇောက်ကျေးရွာဘက်ကမ်းရှိ မြေနုကျွန်းကို ရာသီချိန်အမီ လုပ်ကိုင်ခွင့်ပြုရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း မြေယာမဲ့တောင်သူများက ပြောကြားသည်။ 

တောင်သူများအနေနှင့် ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ၂၀၁၄ မှ စတင်၍ တောင်းဆိုခဲ့သော်လည်း ယနေ့အထိ လုပ်ကိုင်ခွင့်မရှိခဲ့ကြောင်း၊ မြေနုကျွန်းပေါ် လုပ်ကိုင်ခွင့်ရမည်ဆိုပါက ဆင်းရဲနွမ်းပါးသူများ အဆင်ပြေနိုင်မည်ဖြစ်သောကြောင့် မြစ်ရေမလွှမ်းမီ လုပ်ကိုင်ခွင့်ရရှိစေလိုကြောင်း ငါးသိုင်းချောင်းမြို့နယ် မြေယာမဲ့တောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ မနော်နော်စိန်က ပြောသည်။

ဧက ၃၀ ကျော်ရှိသော မြေနုကျွန်းအနက် ၁၀ ဧကခန့်ကို ငွေကြေးရှိသူ တောင်သူအချို့ လုပ်ကိုင်ခွင့်ရပြီး ကျန်ဧကများကို မည်သူမျှ လုပ်ကိုင်ခွင့်မရှိဟု အစိုးရက တားမြစ်ထားကြောင်း၊ ရွာအနီး သီးနှံစိုက်ပျိုးဖြစ်ထွန်းသည့် မြေနုကျွန်းကို မြေယာမဲ့တောင်သူများ လုပ်ကိုင်ခွင့်မရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှိသော်လည်း ခက်ခဲနေကြောင်း မြေယာမဲ့တောင်သူ ဦးအောင်မြိုင်က ပြောဆိုသည်။ 

ယင်းမြေနုကျွန်းကို တောင်သူများက မြေငှားရမ်းခပေးကာ လုပ်ကိုင်လိုကြောင်း၊ ပလပ်မြေအဖြစ် ပစ်ထားခြင်းမှာ မည်သူ့ကိုမျှ အကျိုးမရှိကြောင်း၊ တစ်ဧကလျှင် ပဲတင်း ၃၀ ထွက်လျှင် တစ်နှစ်လျှင် ပဲတင်း ၉၀၀ နှင့် အခြားသီးနှံများ ထွက်မည့်အခွင့်အရေး ဆုံးရှုံးနေကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ မြေနုကျွန်းကို လုပ်ကိုင်လိုသည့် အဖွဲ့လေးဖွဲ့ခန့်ရှိနေသဖြင့် ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းကို ထိခိုက်လာနိုင်ကြောင်း၊ တိုင်းအစိုးရအနေနှင့် ရွာမြေနှင့် မြေနု ကျွန်းမြေခွဲခြားပြီး လယ်ယာမဲ့ စစ်တမ်းကောက်ယူကာ အချိုးချ၍ မဲနှိုက်ခွဲဝေပေးကာ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း၊ ဧရာဝတီတိုင်း လယ်ယာပြဿနာများ ကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးစံမှတ်က အကြံပြုသည်။ 

ငဝန်မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ငါးသိုင်းချောင်းမြို့နယ် အိုင်ဇောက်ကျေးရွာ ဘက်ကမ်းတစ်လျှောက်တွင် ၂၀၁၃ ခုနှစ်မှ စတင်ကာ မြေနုကျွန်းဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဒေသခံမြေယာမဲ့များ လုပ်ကိုင်ခွင့်ရရှိပြီးနောက် ရွာကျောင်းကော်မတီမှ ရန်ပုံငွေအကြောင်းပြ လေလံတင်၍ ငွေကြေးရှိသူများကို ချထားပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြေနုကျွန်း လုပ်ကိုင်ခွင့် မြေယာအငြင်းပွားမှု ပေါ်လာသဖြင့် လုပ်ပိုင်ခွင့် ခေတ္တပိတ်ထားကြောင်း ပုသိမ်ခရိုင် မြေယာပြဿနာများ စိစစ်ရေးအဖွဲ့ထံမှ သိရသည်။

R-12



FOLLOW US