News

POST TAGGED AS

သင်္ကြန်

ကြွေးမြီနှင့် ထိရောက်သော အကောင်အထည်ဖော်မှု
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် သို့ ၁၉.၁.၂၀၁၈ ရက်နေ့က တင်ပြသည်ကို တွေ့ရသည်။ ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် ခြောက်လထက် နောက်မကျသည့် ကာလအတွင်း ဝန်ကြီးသည် အစိုးရကြွေးမြီစီမံခန့်ခွဲမှု ဆောင်ရွက်ချက်များ၊ အစိုးရ၏ အာမခံချက်များနှင့် အစိုးရမှ ငွေထုတ်ချေးခြင်းများနှင့် စပ်လျဉ်းသည့် နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။ ဝန်ကြီး၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အောက်ပါတို့ကို ထည့်သွင်းဖော်ပြရမည် - (က) ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာဆိုင်ရာ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများ၊ (ခ) ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာဆိုင်ရာ ရည်ရွယ်ချက်များ အောင်မြင်စေရန် အထောက်အကူပြုခဲ့သည့် ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ သတင်းအချက်အလက်များနှင့် ယင်းသတင်းအချက်အလက်များကို အသုံးပြု၍ ဘဏ္ဍာရေးနှစ်အတွင်း ကြွေးမြီ စီမံဆောင်ရွက်မှု အခြေအနေများ၊ (ဂ) သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ချုပ်ဆိုသည့် ငွေချေးစာချုပ်အသစ်များ၏ စည်းကမ်းသတ်မှတ်ချက်များ၊ (ဃ) ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများက ချေးယူထားသော ကြွေးမြီလက်ကျန် စုစုပေါင်း၊ (င) ပေးချေရန် ပျက်ကွက်နိုင်ဖွယ်ရှိသည့် အခြေအနေများကို ချေးငွေအမျိုးအစားအလိုက် သတ်မှတ်ဖော်ပြပါဝင်သည့် ထုတ်ချေးငွေနှင့် ထပ်ဆင့်ချေးငွေများ အားလုံး၏စာရင်း၊ (စ) နိုင်ငံတော်က အာမခံထားသော အာမခံချက်များအားလုံး၏ စာရင်း။

အထက်ပါ ဥပဒေအရ တင်ပြလာသော ပြည်တွင်း၊ ပြည်ပ ကြွေးမြီစာရင်းများအနက် ပြည်ပကြွေးမြီစာရင်းတွင် ၃၁.၃.၂၀၁၇ ရက်နေ့အထိ ပေးဆပ်ရန်ကျန် အမေရိကန် ဒေါ်လာပေါင်းမှာ
(၁) ၁၉၈၈ ခုနှစ်မတိုင်မီ ကာလအထိ ၄၂၆၅ ဒသမ ၅၆၇
(၂) ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ ကာလ ၂၇၇၂ ဒသမ၁၁၇
(၃) ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကာလ ၂၁၀၅ ဒသမ၄၀၇
(၄) ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်ကာလ ၅ ဒသမ ၇၃၀
စုစုပေါင်း ပြည်ပကြွေးမြီလက်ကျန်ပေါင်း ၉၁၄၈ ဒသမ ၈၂၁ ဖြစ်ကြောင်း သိရသည်။

ပြည်ပကြွေးမြီစုစုပေါင်း ၉၁၄၈ ဒသမ ၈၂၁ (အမေရိကန်ဒေါ်လာ သန်းပေါင်း) တွင် ၃၁.၃.၂၀၁၇ ရက်နေ့အထိ ဝန်ကြီးဌာနအလိုက် ပြည်ပ ကြွေးမြီလက်ကျန်အခြေအနေများမှာ ပြည်ထဲရေး- ၃၅ ဒသမ ၇၂၀၊ ကာကွယ်ရေး- ၂၄၀ ဒသမ ၂၉၅၊ ပြန်ကြားရေး- ၁ ဒသမ ၆၂၅၊ စိုက်ပျိုးရေး/မွေးမြူရေး/ ဆည်မြောင်း- ၇၀၆ ဒသမ ၉၁၉၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး- ၁၄၂၄ ဒသမ ၄၈၅၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး- ၂၇ ဒသမ ၂၁၆၊ လျှပ်စစ်နှင့်စွမ်းအင်- ၂၉၇၆ ဒသမ ဝ၈၁၊ စက်မှု- ၁၃၈၃ ဒသမ ၁၈၂၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး- ၂၆ ဒသမ ၂၅၂၊ ပညာရေး- ၅၄ ဒသမ ၁၉၀၊ ကျန်းမာရေးနှင့်အားကစား- ၃၈ ဒသမ ၉၁၄၊ စီမံကိန်းနှင့်ဘဏ္ဍာရေး- ၂၁၃၈ ဒသမ ၇၆၄၊ ဆောက်လုပ်ရေး- ၉၀ ဒသမ ၄၇၆၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ- ၄ ဒသမ ၇၀၂ ဖြစ်သည်။ 

ဖော်ပြပါ ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီ လက်ကျန်အခြေအနေများတွင် လျှပ်စစ်နှင့်စွမ်းအင်သည် ပထမ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးသည် ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးသည် တတိယ၊ စက်မှုသည် စတုတ္ထ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းသည် ပဉ္စမဖြစ်သည်။ ကြွေးမြီရယူမှုနှင့် တိုးတက်မှုသုံးသပ်နိုင်ရန် ဖြစ်ပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုမှုတွင် (အမေရိကန် ဒေါ်လာ သန်းပေါင်း ) -
(က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန- ၃၃၁ ဒသမ ၃၇၇ 
(ခ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန- ၂၂၃ ဒသမ ၁၁၅
(ဂ) လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန- ၁၈၅ ဒသမ ဝ၀၇
(ဃ) ပညာရေးဝန်ကြီးဌာန- ၉၈ ဒသမ ၄၉၀
(င) စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန- ၁၄ ဒသမ ၅၁၂
(စ) ဆောက်လုပ်ရေးဝန်ကြီးဌာန- ၆၀၀ ဒသမ ၇၁၂
(ဆ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ- ၂၂၃ ဒသမ ၁၁၄
(ဇ) မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ- ၁၀၀ ဒသမ ၄၉၄
စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း-၁၇၇၆ ဒသမ ၈၂၁ ဖြစ်သည်။

ပြည်တွင်း ကြွေးမြီအခြေအနေမှာ ၃၁.၃.၂၀၁၇ ရက်နေ့အထိ အစိုးရငွေတိုက်စာချုပ် ၃၃၈၆ ဒသမ ၁ ကျပ်ဘီလီယံ၊ အစိုးရငွေတိုက်လက်မှတ် ၉၇၅ ဒသမ ၇ ကျပ်ဘီလီယံ၊ ဗဟိုဘဏ်မှ ငွေချေးယူခြင်း ၁၃၆၅၈ ဒသမ၂ ကျပ် ဘီလီယံ၊ စုစုပေါင်း ၁၈၀၂၀ ဒသမ ၀ ကျပ်ဘီလီယံ ဖြစ်သည်။ ပြည်တွင်းချေးငွေများသည် ဘတ်ဂျက်လိုငွေ (ပြည်ထောင်စု အပ်ငွေစာရင်း၏လိုငွေ) ကို ဖြည့်ဆည်းရန် ချေးယူခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ ကြွေးမြီလက်ကျန်နှင့် GDP ဘဏ္ဍာနှစ်အလိုက် အချိုးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃၄ ဒသမ ၉၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၃၅ ဒသမ ၃၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃၆ ဒသမ ၄၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၃ ဒသမ ၃၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃၈ ဒသမ ၁၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၅ ဒသမ ၆ ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ ချေးငွေစာရင်းများကို တင်ပြနေခြင်းမှာ ဖော်ပြပါစာရင်းများကို သုံးသပ်ခြင်းအားဖြင့် နိုင်ငံ၏ လက်ရှိ ကြွေးမြီအခြေအနေ၊ မည်သည့် ကဏ္ဍများတွင် ကြွေးမြီမည်မျှ ရှိနေသည်၊ ကြွေးမြီနှင့်တိုးတက်မှုတို့ကို နှိုင်းယှဉ်သိရှိစေရန် ဖြစ်ပါသည်။ ပြောင်းလဲလာသော စနစ်နှင့်အညီ နိုင်ငံ၏ ကြွေးမြီယူမှု၊ ပေးဆပ်မှု၊ ပေးဆပ်ရန်ကျန်ရှိမှု၊ ကြွေးမြီသုံးစွဲသည့် ကဏ္ဍများ၊ ကြွေးမြီပေးသည့် နိုင်ငံနှင့်အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်လာပြီဖြစ်သည်။ ထို့အပြင် ကြွေးမြီများအား စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို ၅.၁.၂၀၁၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သကဲ့သို့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကို ၂၀၁၆ ဩဂုတ် လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါသည်။ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၏ ရည်ရွယ်ချက်မှာ -
(က) ကြွေးမြီခံနိုင်ရည်ရှိမှု အဆင့်ကို ထိန်းသိမ်းထားရှိရန်၊
(ခ) ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင် ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီအနေအထားကို အကဲဖြတ်ရန်၊
(ဂ) အစိုးရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့ ဖြစ်သည်။

မည်သို့ဆိုစေ ကြွေးမြီဆိုသည်မှာ ပြန်လည်ပေးဆပ်ရမည့် တာဝန်ရှိပါသည်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေတွင် ပြည်သူ့ကြွေးမြီဆိုသည်မှာ အစိုးရကြွေးမြီအရ ပေးရန်တာဝန်များနှင့် နိုင်ငံတော်က အာမခံထားသည့် ကြွေးမြီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက ချေးယူခြင်းကြောင့် ဖြစ်ပေါ်လာသော ငွေရေးကြေးရေးဆိုင်ရာ ပေးရန်တာဝန်များကို ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ထိုသို့ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်လည်ပေးဆပ်ရန် တာဝန်များရှိနေသကဲ့သို့ ယင်းချေးယူထားသည့် ငွေများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုရမည်မှာလည်း လွန်စွာအရေးကြီးပါသည်။

နိုင်ငံတည်ဆောက်ဆဲကာလ၊ နိုင်ငံတွင် လိုအပ်ချက်များမြင့်မားနေဆဲ ကာလတွင် ကြွေးမြီယူရမည် ဖြစ်သော်လည်း နိုင်ငံ၏ စီးပွားရေးမူဝါဒ၊ နိုင်ငံ၏ ဦးစားပေးကဏ္ဍများ၊ လတ်တလော လိုအပ်ချက်များနှင့်အညီသာ ဖြစ်သင့်သကဲ့သို့ ကြွေးမြီများသုံးစွဲမှုကိုလည်း မဖြစ်မနေ ကြပ်မတ်စိစစ်ရမည်ဖြစ်သည်။ စီမံကိန်းများမစတင်မီ ကြိုတင်၍ လေ့လာဆန်းစစ် သုံးသပ်ချက်များ လုပ်ဆောင်ခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်နေစဉ် စိစစ်ကြပ်မတ်ခြင်း၊ လုပ်ငန်းပြီးစီးပြီးနောက်တွင်လည်း ကုန်ကျမှုနှင့် ရရှိသည့်အကျိုးရလဒ် စစ်ဆေးအစီရင်ခံခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ကြွေးမြီရယူ၊ သုံးစွဲမှုနှင့်ပတ်သက်၍ ကြွေးမြီရယူမှု၊ ကြွေးမြီမဆုံးရှုံးမှုအတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ ကာလလတ် မဟာဗျူဟာရေးဆွဲခြင်းများ လုပ်ဆောင်ထားသည်ကို တွေ့ရှိရသော်လည်း ကြွေးမြီများဖြင့် စီမံကိန်း အကောင်အထည်ဖော်မှုအား စိစစ်ကြပ်မတ်ခြင်း၊ ကြွေးမြီသုံးစွဲ အကောင်အထည်ဖော်မှုမှ ရရှိလာသည့် စီးပွားရေးတိုးတက်မှု၊ လူမှုရေးတိုးတက်မှု၊ ပညာရေးတိုးတက်မှု၊ ကျန်းမာရေးတိုးတက်မှု၊ အလုပ်အကိုင်တိုးတက်မှု စသည့် နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးရလဒ်များကို ပြန်လည်စိစစ်တင်ပြခြင်း မရှိသည်ကို တွေ့ရသည်။

ယခင်ကာလများက စီမံကိန်းများကို စနစ်တကျ ကြိုတင်လေ့လာ သုံးသပ်ခြင်းမရှိဘဲ အထက်လူကြီး၏ ဆန္ဒသဘောထားအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းပြီး ပြည်သူအတွက် အကျိုးမရှိခဲ့သော စီမံကိန်းများစွာရှိခဲ့သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ ယနေ့တွင်လည်း ပြည်ပကြွေးမြီများဖြင့် စီမံကိန်းများ လုပ်ဆောင်နေသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ကြွေးမြီရယူသုံးစွဲထားရှိမှုနှင့် ထွက်ရှိလာသော ရလဒ်များကို အမြန်ဆုံးပြန်လည် စိစစ်ရန်လိုအပ်နေပါသည်။ ကြွေးမြီဆိုသည်မှာ တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ ယခင်ကကြွေးတင် ရှင်ဘုရှင်ဆပ်ဟု ပြောကြသည်။ ယနေ့ခေတ်စနစ်တွင်မူ ကြွေးတင် ရှင်ဘုရင်ဆပ်မည် မဟုတ်။ ပြည်သူ့ဘဏ္ဍာငွေများဖြင့်သာ ဆပ်ကြရပါမည်။ ထို့ကြောင့် ပြည်သူ့ကြွေးမြီဆိုသည်မှာ ပြည်တွင်းကြွေးမြီဖြစ်စေ၊ ပြည်ပကြွေးမြီဖြစ်စေ ပြည်သူ့ဘဏ္ဍာငွေများဖြင့်သာ ပေးဆပ်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြွေးမြီများကို မူဝါဒများနှင့်အညီ ချေးယူရန်လိုအပ်သကဲ့သို့ လုပ်ငန်းကြိုတင် ဆန်းစစ်သုံးသပ် အစီရင်ခံခြင်း၊ ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းနှင့် အကောင်အထည်ဖော်မှု ရလဒ်များကို ပွင့်လင်းမြင်သာစွာ ပြန်လည်အစီရင်ခံခြင်းများ ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

သိန်းထွန်း (IR)



FOLLOW US