News

POST TAGGED AS

သကြား

အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ အကြံပြုချက်အရ Grade သတ်မှတ်ချက်ဖြုတ်ပစ်ခဲ့ဟုဆို
နေပြည်တော်၊ မေ ၂၂

အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ အကြံပြုချက်အရ အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်ရာတွင် Grade သတ်မှတ်ချက်ဖော်ပြမှုကို ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က ပြောကြားသည်။

အစိုးရသစ်၏ ဒုတိယတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေလ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ပညာရေးဝန်ကြီး ဌာနက ရှင်းလင်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်က ရေးဆွဲထားသော ပညာရည်စစ်ဆေးအကဲဖြတ်မှု မူဘောင်အရ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲရမှတ်များနှင့် အဆင့်သတ်မှတ်ချက်များကို ကျောင်းသား၊ ကျောင်းသူ၏မိဘ၊ ယခုလက်ရှိ သင်ကြားနေသော ဆရာ၊ လာမည့်နှစ်တွင်သင်ကြားမည့် ဆရာများကလွဲ၍ အခြားကိုမျှ ပေးမသိရန် သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မြန်မာနိုင်ငံမှာ ကျောင်းသားတွေ အချင်းချင်း ပြိုင်ဆိုင်မှု အရမ်းများတယ်။ ဒါကြောင့် ကျောင်းသားတွေမှာ စိတ်ဖိစီးမှု (Stress) တွေ အရမ်းများတယ်။ မိဘတွေက ကိုယ့်သားသမီးကို အဆင့်တစ် ရစေချင်တယ်။ ရစေချင်တဲ့အတွက်ကြောင့် ကိုယ့်သားသမီးကို အရမ်းကြိုးစားခိုင်းတယ်”ဟု ဦးအောင်ထိုက်က ပြောကြားသည်။

ထိုသို့ Grade A,B,C,D သတ်မှတ်ဖော်ပြမှုဖြုတ်ပစ်ခဲ့ခြင်းသည် ယခုပြောင်းလဲနေသော KG+12 ပညာရေးစနစ်သစ် သင်ရိုးသစ်မူဝါဒနှင့် ကိုက်ညီစေရန်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးသစ်ဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်းကိုလည်းကောင်း သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာအတန်းများ စာမေးပွဲအောင်စာရင်း ထုတ်ပြန်ရာတွင် ယခင်နှစ်များကဲ့သို့ Grade A,B,C,D မဖော်ပြတော့ဘဲ အောင်မြင်သူများစာရင်းကိုသာ ထုတ်ပြန်ခဲ့ခြင်းကြောင့် မိဘများနှင့် ပညာရေးဝန်ထမ်းများကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

သို့သော် ကျောင်းသားမိဘများအနေနှင့် မိမိတို့သား၊ သမီး၏ ပညာရည်အဆင့်အခြေအနေ Grade သတ်မှတ်ချက်ကို သိလိုလျှင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ တောင်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခဲ့သည်။ 

J-19




FOLLOW US