News

POST TAGGED AS

သကြား

04-Apr-2018

ဥပဒေ သကြား ကြံ
ကြံ၊ သကြားဥပဒေကို အတည်ပြုပြဋ္ဌာန်းရန် တောင်းဆို


ရန်ကုန်၊ ဧပြီ ၃

ကြံ၊ သကြား ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စစ်ဆေးပြင်ဆင်နေသည်မှာ ကြန့်ကြာနေသောကြောင့် အမြန်ဆုံးအတည်ပြုပေးရန် အစိုးရထံတောင်းဆိုထားကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

အဆိုပါဥပဒေ မပြီးပြတ်သေးသည့်အတွက် ပို့ကုန်/သွင်းကုန် လုပ်ငန်းများတွင် အခက်အခဲများဖြစ်နေပြီး နိုင်ငံခြားမှ သကြားစက်ရုံများကလည်း ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေကြောင်း ယင်းအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

“ဥပဒေမရှိတဲ့အတွက် ကြံစိုက်တဲ့ သူတွေအတွက်လည်း အကာအကွယ်မရှိသလို ပို့ကုန်၊ သွင်းကုန်လိုင်စင်အပေါ်မှာလည်း လက်တစ်လုံးခြား လုပ်နေတဲ့ကိစ္စတွေလည်း ပျောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် တရုတ်လုပ်ငန်းရှင်များသည် တရုတ်ပြည်၌ သကြားစက်ရုံတည်ထား၍ မူဆယ်နယ်စပ်မှ ကြံအဝယ်ဒိုင်များ ဖွင့်လှစ်၍ သကြားထုတ်လုပ်နေကာ မြန်မာဘက်မှ သကြားတင်ပို့မှုကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သကြားကုန်သည် ဦးစိုင်းဟန်က ပြောကြားသည်။

“တန်ဖိုးမြှင့် ထုတ်ကုန်တွေ တင်ပို့ချင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်မယ်ဆိုပြီး ပြောနေရုံနဲ့မရဘူး။ အောက်ခြေမှာ တရုတ်က လုပ်ချင်တိုင်း လုပ်နေတာတွေကို ဥပဒေနဲ့ကာမှရမယ်။ နောက်ပြီး ချေးငွေတွေဆိုလည်း တောင်သူတွေမှာ အပြည့်အဝမရကြဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ အကြီးစားသကြားထုတ်လုပ်သည့် စက်ရုံ ခုနစ်ရုံနီးပါးရှိပြီး ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် သကြားတန်ချိန် လေးသိန်းခွဲသာ ထုတ်လုပ်နိုင်သေးကြောင်း ယင်းအသင်းထံမှ သိရသည်။

J-13



FOLLOW US