News

POST TAGGED AS

သံရုံး

နေပြည်တော်သို့ သံရုံးအားလုံးပြောင်းရန် မြေကွက်ချပေး၊ သံရုံးမှ အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေး
ရန်ကုန်၊ ဇူလိုင် ၂၁

နေပြည်တော်ကောင်စီနယ်မြေသို့ ရန်ကုန်မြို့ရှိ သံရုံးအားလုံး ပြောင်းရွှေ့ရန် သီးခြားသံတမန်ဇုန်သတ်မှတ်၍ မြေကွက်နေရာများ ချပေးထားပြီး သံရုံးအလိုက် ရှေ့ပြေးအင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်း စစ်ဆေးတိုင်းတာနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

“သံရုံးတွေရဲ့ ဘတ်ဂျက်လျာထားမှု၊ သံရုံးရွှေဖို့ အစီအစဉ်၊ ဒါလေးတွေက သံရုံးတစ်ခုချင်းစီပေါ်မှာ မူတည်တယ်။ ကျွန်တော့်ဘက်ကတော့ တတ်နိုင်တဲ့၊ လိုအပ်တဲ့ ဖြေလျှော့မှုတွေ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပေးပါမယ်။ အမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့ လိုအပ်တာ ပံ့ပိုးသွားမှာပါ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ နေချပေးမည့် သံတမန်ဇုန် ဧရိယာသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုန်အနီး၌ နေပြည်တော် ကောင်စီ၏ခွင့်ပြုချက်ဖြင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး အဓိကအားဖြင့် သံရုံးများ ဆောက်လုပ်ရာတွင် နိုင်ငံခြားမှ တင်သွင်းမည့် ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် ပတ်သက်၍ အစိုးရက အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အစိုးရအဖွဲ့မှာ နေပြည်တော်၌ အခြေစိုက်သဖြင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများနှင့်နိုင်ငံတကာ သံရုံးများပြောင်းခြင်းဖြင့် ဆက်ဆံရေး ပိုနီးစပ်လာမည်ဟု ယုံကြည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဇူလိုင်လ ၁၂ ရက်က ပြောကြားထားသည်။

လက်ရှိတွင် ကုလသမဂ္ဂအေဂျင်စီရုံးခွဲများဖြစ်သည့် UNDP ရုံး၊ ကုလသမဂ္ဂ အထောက်အကူပြုရုံးအချို့မှာ ယခုလအတွင်း ရှေ့ပြေးအစီအစဉ်အဖြစ် လာရောက်ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံကလည်း ရှေ့ပြေးရုံးကို ယခင်နှစ်ကတည်းက ကြိုတင်ဖွင့်ထားကြောင်း၊ ရန်ကုန်မြို့၌ နိုင်ငံတကာအခြေစိုက် သံရုံးပေါင်း ၄၀ ကျော် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် သံရုံးများက နိုင်ငံတကာကျောင်းများ နေပြည်တော်၌ဖွင့်ပေးရန် တောင်းဆိုထားခြင်းကြောင့် ရန်ကုန်မြို့ရှိ ယင်းကျောင်းခွဲများ လာရောက်ဖွင့်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

J-17



FOLLOW US