News

POST TAGGED AS

သံအမတ်

20-Jul-2018

ဗြိတိန် သံအမတ်
ဗြိတိန်သံအမတ် ဘန်းဘွယ်လိပ်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်
ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မစ္စတာဒန်ချက်သည် တရားမဝင် တိရစ္ဆာန်ကုန်ကူးသူများလက်မှ ကယ်တင်ခဲ့သည့် လိပ်များကို ကြည့်ရှုလေ့လာရန် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ဘန်းဘွယ် လိပ်ကယ်ဆယ်ရေးစခန်းသို့ ဇူလိုင်လ ၁၇ ရက်က သွားရောက်ခဲ့ကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါကယ်ဆယ်ရေးစခန်းကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS၊ လိပ်များရှင်သန်ရေး ညွန့်ပေါင်းအဖွဲ့ (Turtle Survival Alliance) တို့က သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ခဲ့သည့်လိပ်များကို ပြန်လည်ပြုစုစောင့်ရှောက်ပြီး မူလနေရပ်သို့ ပြန်လည်လွှတ်ပေးရန်ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ် ကုန်သွယ်သူများကြောင့် မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်ရန်ရှိသည့် မျိုးစိတ်အချို့အန္တရာယ် ကျရောက်နေသည့်အတွက် ယူကေအနေနှင့် မြန်မာအစိုးရ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအပြင် စခန်းရှိ ကျွမ်းကျင်ဝန်ထမ်းများကြောင့် ကယ်တင်ထားသော ရှားပါးခေါင်းကြီးပင်လယ်လိပ်များကို ကျန်းမာစွာတွေ့ရသဖြင့် ဝမ်းသာကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပင်လယ်လိပ်များကို ၎င်းတို့၏အခွံများအတွက် အဓိကထားကာ တရားမဝင်ကုန်သွယ်ကြခြင်းဖြစ်ပြီး အရှေ့တောင်အာရှတွင် ပင်လယ်လိပ်နှင့် ကုန်းလိပ် ၁၅ သန်းမှ သန်း ၂၀ ကျော်သည် နှစ်စဉ် ရောင်းဝယ် ကုန်ကူးခံနေရကြောင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်လိပ်မျိုးစိတ် ၂၇ ခု လုံးနီးပါးသည် မျိုးသုဉ်းပျောက်ကွယ်လုဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင်း တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုကို လျှော့ချရန် အရေးကြီးသော လုပ်ငန်းများအတွက် ပံ့ပိုးကူညီကာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 




FOLLOW US