News

POST TAGGED AS

သံအမတ်

ဆီးရီးယား အပစ်ရပ်စဲရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂကို အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေ ဝေဖန်


ဒမတ်စကတ် မတ် ၂၈

အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ဆီးရီးယားတွင် အပစ်ရပ်စဲမှု ပျက်ပြားသွားခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂကို ပြစ်တင်ဝေဖန်လိုက်ပြီးအရှေ့ ဂုတ်တားတွင် အရပ်သားများ၏ဒုက္ခ တာရှည်အောင် ဒမတ်စကတ်အစိုးရနှင့် ရုရှားတို့က ပြုလုပ်နေသည်ဟု အင်္ဂါနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

“ဆီးရီးယားပြည်သူတွေရဲ့ ဒုက္ခတွေသက်သာစေဖို့ အားထုတ်မှုမှာလုံခြုံရေး ကောင်စီရဲ့ ထိရောက်မှုကို အကဲဖြတ်တဲ့အခါ သမိုင်းက ညှာတာမှာမဟုတ်ပါဘူး”ဟု နစ်ကီဟာလေက ပြောကြားခဲ့ပြီးနောက် ထပ်ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် သူမက တောင်းဆိုခဲ့သည်။

၂၀၁၆ ခုနှစ်က ရုရှားလေကြောင်းပစ်ကူဖြင့် မြောက်ပိုင်းအလက်ပိုမြို့ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက်ပိုင်း ယခုအရှေ့ဂုတ်တားကို ပြန်လည်သိမ်းယူမှုသည် သမ္မတအာဆတ်အတွက် အကြီးဆုံးအောင်ပွဲတစ်ခု ဖြစ်သည်။

လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်တွင် အပစ်ရပ်စဲရေးဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်း ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၆၀၀ ခန့် သေဆုံးခဲ့ရပြီး အပစ်ရပ်စဲရေးကိစ္စကို ဆီးရီးယားအစိုးရက ပမာမခန့် ပြက်ရယ်ပြုနေသည်ဟု နစ်ကီဟာလေက ပြောကြားသည်။

အရပ်သားများကို လူသားချင်းစာနာမှု အကူအညီပေးရန် ရည်ရွယ်သော ဖေဖော်ဝါရီ ၂၄ ရက် အပစ်ရပ်ဆုံးဖြတ်ချက်ကို ပူးတွဲရေးဆွဲသူဆွီဒင်နှင့် ကူဝိတ်တို့က အပစ်ရပ်စဲမှု အကျုံးဝင် သက်ရောက်နေသေးသော်လည်း အကောင်အထည်ဖော်မှု မရှိသောကြောင့် အထူးပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ပြောကြားသည်။

ဆုံးဖြတ်ချက် ထိရောက်စွာ အကောင်အထည်ဖော်ရေးကို ဟန့်တားရန် ရုရှားက ဗီတိုအာဏာကို အသုံးပြုနေသည်ဟုလည်း နစ်ကီဟာလေက စွပ်စွဲလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး နီဗင်ဇီယာကမူ ရုရှားနိုင်ငံသည် နေ့စဉ် လူသားချင်း စာနာကူညီရေးအတွက် စောင့်ဆိုင်းပေးမှုများကို ထုတ်ပြန်ညွှန်ကြားပေးနေပြီး အရှေ့ဂုတ်တားမှ လူ ၁၀၀,ဝ၀၀ ခန့် ကယ်ထုတ်ရန် ခွင့်ပြုပေးခဲ့သည်ဟု ပြောကြားသည်။

“တချို့နိုင်ငံတွေရဲ့ အကြိုက်နဲ့တော့ ကိုက်ညီမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားက ဆုံးဖြတ်ချက် ၂၄၀၁ ကို အကောင်အထည်ဖော်နိုင်ဖို့ အခြေခံကျတဲ့အရာတွေကို လုပ်ဆောင်ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံကလည်း အရှေ့ဂုတ်တားအနီးမှ ဆီးရီးယားအစိုးရ ထိန်းချုပ်ထားသော ဒုက္ခသည်စခန်းများတွင် ရေမရှိ၊ မီးမရှိ၊ ကုလကယ်ဆယ်ရေးအေဂျင်စီများ မရှိသောကြောင့် အရပ်သား ၅၅,ဝ၀၀ ခန့်၏ ကံကြမ္မာကို စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အင်္ဂါနေ့က ထွက်ခွာသွားသော ကယ်ဆယ်ရေးယာဉ်တန်းတွင် သူပုန်တပ်ဖွဲ့ဝင်အချို့ အပါအဝင် အရပ်သားများ ၇၀၀၀ ခန့် လိုက်ပါသွားကြသည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအုပ်စုက ပြောကြားသည်။

အရှေ့ဂုတ်တားမှ ကယ်ထုတ်လာခဲ့သော အရပ်သား ၈၀,ဝ၀၀ ကို ဒမတ်စကတ်တွင် နေရာချထားမည်ဖြစ်ပြီး ကျန်အရပ်သားနှင့် သူပုန် ၂၀,ဝ၀၀ ခန့်ကိုမူ ဆီးရီးယားအနောက်မြောက်ပိုင်းတွင် နေရာချထားမည်ဟု ကုလကယ်ဆယ်ရေးတာဝန်ခံ မတ်ခ်လောင်းကွပ်က ပြောကြားသည်။ 

ထို့ပြင် သူပုန်ထိန်းချုပ်နယ်မြေအတွင်းရှိ လူ ၁၆၅၀၀ ခန့်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေသော ကယ်ဆယ်ရေးယာဉ်တန်းကိုလည်း ဝင်ရောက်ခွင့်ပြုရန် လောင်းကွတ်က ဆီးရီးယားအစိုးရကို ထပ်မံတောင်းဆိုထားသည်။  

F-04



FOLLOW US