News

POST TAGGED AS

သံချပ်

ပုသိမ်တွင် သံချပ်အသင်းများ ကြိုတင်ပြင်ဆင်


ပုသိမ်၊ မတ် ၁၂

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် နှစ်စဉ်ကျင်းပသည့် မဟာသင်္ကြန် သံချပ်ပြိုင်ပွဲတွင် ဝင်ပြိုင်မည့် သံချပ်အသင်းများ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ယင်းအသင်းများထံမှ သိရသည်။ 

“ဒီနှစ်မှာလည်း ကျွန်တော်တို့ ကြိုးစားပမ်းစား တင်ဆက်ယှဉ်ပြိုင်သွားမှာပါ၊ ပြည်သူတွေခံစားနေရတဲ့ ပြည်သူ့အသံတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့အကြောင်းအချက်တွေကို ပြည်သူတွေကိုယ်စား သင်္ကြန်စင်မြင့်က ရင်ဖွင့်တင်ပြသွားမှာပါ”ဟု ယခင်နှစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဗဟိုဆုပေးမဏ္ဍပ်တွင် ပထမဆုရခဲ့သည့် ခေတ်မောင်းသံ မဟာသင်္ကြန်အဖွဲ့ခေါင်းဆောင် ဦးညိုဝင်းက ပြောကြား သည်။

ပြည်သူများ၏ ခံစားချက်ကို သံချပ်၊ သီချင်းများနှင့် ဝေဖန်ထောက်ပြသွားမည်ဖြစ်သောကြောင့် သင်္ကြန်သံချပ်ပြိုင်ပွဲများကို လာရောက်ကြည့်ရှုစေလိုကြောင်း ဗဟိုဆုပေးမဏ္ဍပ်တွင် ပထမဆု ၃ နှစ်ဆက်တိုက်ရခဲ့သည့် ပြည်သူ့ခေတ်သင်္ကြန်သံချပ် အသင်းခေါင်းဆောင် ဦးသက်ဇင်က ပြောသည်။

ပုသိမ်သင်္ကြန်သံချပ်ပြိုင်ပွဲများသည် သံချပ်အပြင် အက၊ အလှ၊ သဘာဝ၊ ဟာသ၊ သရုပ်ဖော်နှင့် သံစဉ်တေးသီချင်းများကိုပါ ယှဉ်ပြိုင်သဖြင့် စွယ်စုံပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ယင်းကြောင့် သံချပ်အဖွဲ့များက မတ်လမှစ၍ ကြိုတင်ပြင်ဆင်ရကြောင်း ဗဟိုဆုပေးမဏ္ဍပ်ဒိုင်ချုပ်ကဗျာ ဆရာကြီး ဦးတိုးဝေက ရှင်းပြသည်။

ပုသိမ်မဟာ သင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သံချပ်အသင်းများ ဖိတ်ခေါ်ထားရာ ၈ သင်း စာရင်းပေးသွင်းထားပြီး စုစုပေါင်း ၁၁ သင်းခန့် ရှိလာနိုင်ကြောင်း၊ ယမန်နှစ်က သံချပ်ပြိုင်ပွဲတွင် သံချပ်အသင်း ၉ သင်းနှင့် ဆုပေးမဏ္ဍပ် ၉ ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဗဟိုဆုပေးမဏ္ဍပ်တွင် သံချပ်ပထမဆုကို ကျပ် ၈ သိန်း၊ ကားအလှပြိုင်ပွဲ ပထမဆုကို ငွေကျပ် ၅ သိန်းနှင့် သင်္ကြန်စွယ်စုံမင်းသားဆုကို ငွေကျပ် ၃ သိန်း ချီးမြှင့်ခဲ့ကြောင်း ပုသိမ်မြို့ မဟာသင်္ကြန်သံချပ်ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးကော်မတီထံမှ သိရသည်။

R-11



FOLLOW US