News

POST TAGGED AS

သံချပ်

ပုသိမ်ထီးလုပ်ငန်း လုပ်သားရှားပါး၍ လုပ်ခခြောက်လစာကြိုပေးကာ လုပ်ကိုင်ရ


ပုသိမ်၊ မတ် ၁၂ 

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပုသိမ်ထီးလုပ်ငန်းတွင် လုပ်သားရှားပါးလာသဖြင့် လုပ်ငန်းရှင်များက ပုသိမ်ထီး လုပ်သားများကို လုပ်ခ ၆ လစာ ကြိုပေးကာ လုပ်ကိုင်နေရကြောင်း ပုသိမ်ထီးထုတ်လုပ်သူများထံမှ သိရသည်။ 

ထီးလုပ်ငန်းရှင်တို့က ထီးလုပ်သားများ၏လစာမှာ တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းကျပ်အထိရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးမရှိသဖြင့် အလုပ်ခွင်တွင် လုပ်သားတည်မြဲရန် အခက်အခဲများရှိနေကြောင်း၊ အလုပ်ခွင်အတွင်း လုပ်သားတည်ငြိမ်မှုမရှိခြင်းနှင့် အခြေခံကုန်ကြမ်း ရှားပါးလာမှုကြောင့် ပြည်ပဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိကြောင်း ၎င်းတို့က ဆိုသည်။ 

“မိဘတွေ ထီးလုပ်ခဲ့တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လုပ်တတ်နေတာပါ၊ ဝါသနာလည်းပါတယ်၊ ဒါပေမဲ့ အလုပ်က မမှန်ဘူး။ ဇောက်ချလုပ်လို့ အဆင်မပြေတော့ တခြားလုပ်ငန်းတွေ ထွက်လုပ်ကြရာက ထီးလုပ်ဖို့ကို ပြန်မလှည့်နိုင်တော့ဘူး” ဟု ထီးလုပ်သား ဦးပြုံးက ပြောသည်။

အလားတူ ပုသိမ်ထီးလုပ်ငန်းတွင် အဓိက ကုန်ကြမ်းဖြစ်သော သစ်ဝါးရှားပါးမှုကိုလည်း ရင်ဆိုင်နေရကြောင်း၊ သရကူဝါးတောနှင့် မအူပင်ကဲ့သို့ သစ်ပင်များ ပြုန်းတီးလာခြင်း၊ သရကူဝါးစိုက်သည့် တောင်သူများ ဝါးအစား အခြားကြီးမြန်သစ်ပင်များ ပြောင်းလဲစိုက်ပျိုးကြခြင်း၊ အစိုးရအဆက်ဆက် ဝါးတောနှင့် သစ်တောစိုက်ခင်းများအတွက် မြေနေရာချထားဆောင်ရွက်ပေးမည်ဆိုသော်လည်း ယနေ့တိုင် အကောင်အထည်မဖော်နိုင်ခြင်းတို့ကြောင့် အခက်အခဲနှင့် တွေ့ကြုံနေရခြင်းဖြစ်ကြောင်း ပုသိမ်ထီးထုတ်လုပ်သူများထံမှ သိရသည်။ 

“ဝါးစိုက်ခင်း၊ သစ်စိုက်ခင်းဆိုတာ လုပ်မယ်ဆိုရင် ထီးပညာရှင်က သူ့လိုင်းမဟုတ်တော့ ခက်ခဲတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံငွေကြေးအခက်အခဲ ရှိတယ်၊ စက်မှုလက်မှု အသေးစားချေးငွေဆိုတာကလည်း အပေါင်ပစ္စည်း အိမ်ခြံအာမခံထားရတာမျိုးဆိုတော့ အခက်အခဲတွေ ရှိနေကြတော့တာပေါ့၊ ပြည်ပဝယ်လိုအားကို မဖြည့်နိုင်တော့ ကုန်သည်က ထိုင်းဘက် ရောက်ကုန်တယ်”ဟု ပုသိမ်မြို့ရှိ ရွှေစာပုသိမ်ထီးထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးမင်းနိုင်က ပြောသည်။ 

ပုသိမ်မြို့မှ ထုတ်လုပ်သည့် မြန်မာ့ ရိုးရာပုသိမ်ထီးကို ဥရောပနိုင်ငံများက မှာယူမှု ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယခင် ၂၀၁၇ နှစ်ထက် နှစ်ဆကျော် ပိုများလာကြောင်း၊ ယခင်နှစ်များက အိမ်နီးချင်းဖြစ်သည့် တရုတ်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများဖြစ်သော အီတလီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ကသာ မှာယူသဖြင့် တင်ပို့ရသော်လည်း ၂၀၁၈ နှစ်တွင် ပြင်သစ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့က ကြိုတင်မှာယူမှုတိုးလာကြောင်း ၎င်းထံမှ သိရသည်။

R-12



FOLLOW US