News

POST TAGGED AS

သဲစုပ်လုပ်ငန်း

ခပေါင်းတံတားအနီး သဲစုပ်လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရညွှန်ကြား
တောင်ငူ၊ မတ် ၇

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ခပေါင်း ချောင်းကူးတံတားအနီးက သဲစုပ်လုပ်ငန်းများကို တံတားထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်းများရပ်ဆိုင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ထိုလုပ်ငန်းများကြောင့် ချောင်းရေတိုက်စားခြင်းနှင့် တံတားအုတ်မြစ်တိုင်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်ပြုပြင်ရမည့် အခက်အခဲများကြောင့် ရပ်ဆိုင်းရန် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တံတားအောက်ဘက် တစ်မိုင်နဲ့ အထက်ဘက်တစ်မိုင် သဲထုတ်လုပ်ခွင့် မရှိဘူးဆိုတာ ကျွန်တော်တို့လည်း နဂိုကတည်းက နားလည်ထားတယ်။ အခု​ညောင်ပင်ရွာနားမှာ သဲထုတ်လုပ်တဲ့လုပ်ငန်းကြောင့် မြေနုကျွန်းမြေတွေနဲ့ ကမ်းပါးတွေပြိုကျ​နေတယ်​။ ဒါကြောင့် ပြီးခဲ့တဲ့လက တိုင်ကြားတာ။ မြို့နယ်က မဖြေရှင်းပေးဘူး။ အခု ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်လိုက်တာကို တကယ် လုပ်မလုပ် စောင့်ကြည့်မယ်”ဟု ညောင်ပင်ရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ခပေါင်းချောင်းကူးတံတား အောက်ဘက်နှင့် အထက်ဘက်နေရာများတွင် တရားမဝင်သဲစုပ်လုပ်ငန်းများ လုပ်ကိုင်​​နေကြသည့်အပြင် ခပေါင်းတံတား​အောက် တစ်မိုင်နီးပါးခန့်အကွာ ညောင်ပင်ရွာအနီးတွင် ယခုနှစ် ဇန်နဝါရီလက စတင်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီလူးခေါင်း (ရေစုပ်စက်) ကြီးများကိုအသုံးပြုကာ တရားမဝင်သဲစုပ်လုပ်ငန်း လုပ်ကိုင်နေပြီး ချောင်းကမ်းပါးပြိုကျကာ ကိုင်းသီးနှံများ ပျက်စီးဆုံးရှုံးနေရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ သဲစုပ်လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများသို့ တရားဝင်လျှောက်ထားကာ အခွန်အခများပေး၍ လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်ပြီး သဲစုပ်လုပ်ငန်းတည်ရှိရာ ခပေါင်းချောင်း​အောက်ဘက်နှင့် အထက်ဘက်ရှိ ဒေသခံ ၁၅ ဦးက ချောင်းကမ်းပါးကို တမံတုတ်ပေးရန်သာတောင်းဆိုပြီး ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ရေးထိုး​ပေးထားသည်ဟု သဲစုပ်လုပ်ငန်းပိုင်ရှင် ဦးမျိုးနိုင်က ရှင်းပြပြောဆိုသည်။

ယင်းကဲ့သို့ သဲထုတ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်က ​တရားဝင်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အုတ်တွင်းမြို့နယ် ညောင်ပင်ကျေးရွာ ခပေါင်းချောင်းအတွင်းရှိ သဲစုပ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကာ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထားပြီး အပြီးပိတ်သိမ်းရန် စီစဉ်နေကြောင်း ပြောကြားသည်။

R-15



FOLLOW US