News

POST TAGGED AS

သရေခေတ္တရာ

27-Nov-2017

သရေခေတ္တရာ
သရေခေတ္တရာ ပျူမြို့ဟောင်းမှဘုရားများ မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်း

ပြည်၊ နိုဝင်ဘာ ၂၅

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သော ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးတွင် တည်ရှိသည့် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် မသီးကျကုန်းတို့ကို ယခုဘဏ္ဍာနှစ်မှ စတင်ကာ မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်းနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ကမ္ဘာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်းက ပြန်လည် ပြင်ဆင်ခဲ့ရာတွင် ဘိလပ်မြေများ အသုံးပြုထားသဖြင့် ယင်းအင်္ဂတေများကို ပြန်ခွာထုတ်ကာ ရှေးမူလက်ရာနှင့် အနီးစပ်ဆုံးဖြစ်သော မူလပုံစံအတိုင်း မြေနီသရွတ်ကို အသုံးပြုကာ ပြန်လည် ပြင်ဆင်နေကြောင်း ၎င်းထံမှ သိရသည်။ 

“အင်္ဂတေ အနားသတ်တွေကို ပြန်ဖျက်ပြီး လုပ်ရမှာပါ၊ အရင်တုန်းက ပြင်တာတွေက ဘိလပ်မြေသုံးပြီး ပြင်တော့ ရှေးဟောင်း အုတ်တွေ ပျက်စီးတယ်”ဟု အဆိုပါဌာနမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ရှေးဟောင်းအုတ်များ မပျက်စီးစေဘဲ ပြုပြင်မှုနှင့် လိုက်ရောညီထွေမှုရှိစေရန် ထုံးနှင့် မြေနီကို သုံးရမည်ဖြစ်သော်လည်း မြေနီမရသဖြင့် အုတ်နီမှုန့်ကို အသုံးပြုမည်ဖြစ်ကြောင်း၊  ဥသျှစ်ရည် တင်လဲရည်နှင့် အရောင်နှင့် စေးကပ်မှုအတွက် ရှားစေးတို့ကို အချိုးကျရောစပ်ကာ ဘိလပ်မြေအစား အသုံးပြုပြင်ဆင်နေကြောင်း ၎င်းကရှင်းပြသည်။ 

လက်ရှိပြင်နေမှုမှာ ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ယခု ၁၇-၁၈ ဘဏ္ဍနှစ်နှင့် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း တူးဖော်ခြင်းလုပ်ငန်းထက် ပြုပြင်ထိန်းသိမ်းရေးကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ပုဂံကျတော့ အလှူရှင် ပေါတယ်၊ ဒီက ခုနောက်ပိုင်း လူသိများလာတော့ အလှူရှင်တွေလည်း ရှိလာတယ်။ လူတွေ ယုံကြည်မှု သဒ္ဓါတရားတွေကြောင့် လှူချင် တန်းချင်ကြတယ်။ ဒါပေမဲ့ ပညာရှင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် မူလ လက်ရာတန်ဖိုး မပျက်စီးအောင် သုံးစွဲပြီး ပြုပြင်မှရမယ်၊ နှစ် ၂၀ဝ၀ ကျော်သက်တမ်းရှိတဲ့ဟာဆိုတော့ အစွန်းအထင်း မခံနိုင်ဘူး”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ကမ္ဘာ့ အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစု) ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။ 

ဌာနအနေနှင့် လှူဒါန်းသူများ ယုံကြည်မှု ရှိစေရန်အတွက် စာရင်းဇယားများနှင့် စနစ်တကျ လုပ်ဆောင်ကာ လုပ်ဆောင်မှု အစီရင်ခံစာကို အလှူရှင်များထံ ပေးပို့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

လက်ရှိ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း တူးဖော်ပြီး ကုန်းပေါင်း ၆၅ ကုန်း၊ ဂူဘုရား ၅ ဆူ၊ စေတီကြီး ၃ ဆူအား ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။ 

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ (၄) ရာစုမှ အေဒီ (၉) ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတု တော်များ၊ ပျူကချေသည် အရုပ်များနှင့် ရွှေပေလွှာများကို တွေ့ရှိခဲ့ကြောင်း၊  မြို့ရိုး ပတ်ပတ်လည်မှာ ၈ မိုင် ၅ ဖာလုံ ရှည်လျားပြီး ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းကြောင်း ယင်းဌာနထံမှ သိရသည်။

M-06



FOLLOW US