News

POST TAGGED AS

သင်္ဘော

27-May-2018

ဧရာဝတီ
သရက်ရှိ ခွင့်ပြုချက်နှင်မညီသည့် ကျောက်စရစ် တူးဖော်ရေးလုပ်ငန်းများကို သက်တမ်းတိုးခွင့်မပြု
မကွေး၊ မေ ၂၆

မကွေးတိုင်း သရက်ခရိုင်ရှိ ဧရာဝတီမြစ်အတွင်း တိုင်းအစိုးရ၏ ခွင့်ပြုချက်နှင့်မညီဘဲ ကျောက်စရစ် တူးဖော်နေသည့် ကျောက်စရစ် တူးဖော်ရေး လုပ်ငန်းရှင်များ ကို သက်တမ်းတိုး လျှောက်ထားခွင့်မပြုရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးအနီးတွင် ကျောက်စရစ် ထုတ်ယူရာ၌ သတ်မှတ်လုပ်ကွက်ပြင်ပတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကို ဒေသခံများက တိုင်ကြားသဖြင့် အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ရွာအထက်ကနေ ကျောက်စရစ်တွေ ထုတ်ယူနေတယ်။ ပေ ၂၀၀ ဝန်းကျင်အတွင်းမှာ လုပ်နေလို့ ကမ်းပါးပြိုရင် ရွာပျက်သွားနိုင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့နဲ့ သဘာဝ ဘေးအန္တရာယ် ကူညီရေးအဖွဲ့တွေဆီ တင်ပြခဲ့ပါတယ်။ စစ်ဆေး အရေးယူဖို့ ဆန္ဒနဲ့လုပ်တာ မဟုတ်ဘူး။ ကျောက်စရစ် တူးဖော်မှုရပ်ဖို့နဲ့ ရွာ ၂ ရွာ ပျက်စီးမသွားအောင် တင်ပြခဲ့တာပါ”ဟု ဆင်ပေါင်ဝဲမြို့နယ် လက်ပံရွာဒေသခံ ဦးထွန်းမင်းဦးက ပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း မြစ်ကျောက်စရစ် တူးဖော်မှုများကို ဧရာဝတီမြစ်ကမ်းပါး ပေ ၆၀၀ ပြင်ပတွင် လုပ်ကိုင်ရမည်ဖြစ်သော်လည်း ပေ ၂၀၀ အတွင်း တူးဖော်ထုတ်လုပ်နေကြသဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ လက်ပံရွာနှင့် မကျီးရင်းရွာ ၂ ရွာ ထိခိုက်နစ်နာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ သွားရောက် စစ်ဆေးတဲ့အခါ တရားမဝင် တူးဖော်တာနဲ့ လုပ်ကွက်ပြောင်းလုပ်တာမရှိဘူး။ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာလည်း ရွှေတူးတာနဲ့ လုပ်ကွက်မှားတာတွေ မရှိဘူးဗျ။ ကွင်းဆင်းစစ်ဆေးတဲ့အခါ တရားမဝင် လုပ်ကိုင်နေတာ မတွေ့ရဘူး”ဟု ဆင်ပေါင်ဝဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်နှင်းကိုက ပြောကြားသည်။

အဆိုပါ မြစ်ကျောက်စရစ် တူးဖော်နေသည့် လုပ်ငန်းရှင်များကို တရားဝင် အသိပေးပြီး လာရောက်မစစ်ဆေးဘဲ ရှောင်တခင် ဝင်ရောက်စစ်ဆေးပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း လက်ပံရွာမှ ဦးထွန်းမင်းဦးက ပြောဆိုသည်။

လွင်အေး



FOLLOW US