News

POST TAGGED AS

သူရဦးရွှေမန်း

သူရဦးရွှေမန်း အားထားရသူတစ်ဦး အပါအဝင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦး လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်း
သူရဦးရွှေမန်း အားထားရသူတစ်ဦး အပါအဝင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦး လွှတ်တော်အမတ်အဖြစ်မှ  ရပ်ဆိုင်း

တောင်ငူ၊ နိုဝင်ဘာ ၁၇ 

သူရဦးရွှေမန်း၏ ယုံကြည်အားထားရသော ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင် အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးသည် NLD ကိုယ်စားလှယ် နှစ်ဦး၏ ကန့်ကွက်ခံရမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။

“ဒီသတင်းကြားရတဲ့ အတွက် အလွန်အံ့သြမိတယ်၊ ဦးကိုကိုနိုင်ဆိုတာ ကော်မရှင်မှာ ဒုဥက္ကဋ္ဌလည်း လုပ်နေတယ်၊ အစိုးရနှင့် လွှတ်တော်ကို အများကြီး အကြံပြုနေတဲ့အတွက် NLD အနေနှင့် နောက်ထပ်ကို စုံညီအယူခံ မတက်သင့်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုနဲ့ ဦးရွှေမန်း ဆက်ဆံရေးက ဘယ်လိုရှိမယ်ဆိုတာ စောင့်ကြည့်ရမယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက ပြောကြားသည်။

ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်တို့ နှစ်ဦးကို ရွေးကောက်ပွဲရလဒ် ကြေညာအပြီး ရက်ပိုင်းအကြာတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦးတို့က ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း “ဥပဒေနှင့် ငြိစွန်းမှုမရှိ” ဟု တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အကြံပြုချက်အရ အမှုမှ ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) က ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်တို့သည် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်ခဲ့ရုံမက လူမျိုးရေး၊ ဘာသာရေးနှင့်ဆိုင်သော ဟောပြောမှုများလုပ်ဆောင်ခဲ့သည်ဟု ဆိုကာ  NLD ပါတီက ကိုယ်စားလှယ်လောင်း နှစ်ဦးက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ကန့်ကွက်လွှာ တင်သွင်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ခုံအဖွဲ့ ၄ က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကန့်ကွက်လွှာကို ပယ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခံရခြင်းမှာ အတည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သော်လည်း NLD ပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးက ဆက်လက်ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၅ ဦးပါ စုံညီခုံရုံးက ကန့်ကွက်သူ နှစ်ဦးကို ပြန်လည်အနိုင်ပေးခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကနေ့ (နိုဝင်ဘာလ ၁၇) နံနက် ၁၀ နာရီလောက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က အောက်ခြေက အနိုင်ပေးထားတဲ့ ရလဒ်တွေကို လက်မခံဘဲ ကန့်ကွက်သူ နှစ်ဦးကို အနိုင်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို ပါတီက တာဝန်ဆက်ပေးရင်လည်း ထမ်းဆောင်သွားပါမယ်” ဟု ကန့်ကွက်ခံရမှုကြောင့် ရှုံးနိမ့်ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ်ဟောင်း ဦးကျော်မြင့်က ပြောကြားသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်ချက်ကို လက်ခံပါတယ်။ လက်ရှိ တာဝန်ထမ်းနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘဝက ရပ်နားသွားရင်တောင် ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် တာဝန်ကို ဆက်လက်ထမ်းဆောင်နေမှာ ဖြစ်သလို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ  ဦးကိုကိုနိုင်က The Voice သို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြားထားသည်။  

ယင်းကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း နှစ်ဦးကို အနိုင်ပေးခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး The Voice က အတည်ပြုချက် ရယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးညွှန့်တင်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေး ပြုလုပ်နေကြကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေအတိုင်း ဆုံးဖြတ်ခြင်း ဖြစ်ပါက လက်ခံရမည် ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။ 



FOLLOW US