News

POST TAGGED AS

သူနာပြု

30-Jun-2017

သူနာပြု
သူနာပြုများကို လစာတိုးပေးရန်စီစဉ်နေဟု ကျန်းမာရေးဝန်ကြီးဆို
နေပြည်တော်၊ ဇွန် ၃၀

နယ်ဝေးတာဝန်ကျ သူနာပြုဝန်ထမ်းများ အပါအဝင် သူနာပြုများ၏ လစာကို တိုးပေးရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့်  ‘ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျ၍  အရေးပါလှသော ဝန်ထမ်းအမျိုးအစားတစ်ရပ် ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း’ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘက်စုံ သားဖွားဒီပလိုမာ ရထားတဲ့ သားဖွားဆရာမကို လက်ရှိလစာ (ကျပ် ၁၅၀,ဝ၀ဝ - ၂၀ဝ၀ - ၁၆၀,ဝ၀ဝ) ကနေ ၁၆၅,ဝ၀ဝ - ၂၀ဝ၀ - ၁၇၅,ဝ၀ဝ ကျပ်၊ သူနာပြုသိပ္ပံဘွဲ့ ရထားတဲ့ သူနာပြုရဲ့ လက်ရှိလစာ (ကျပ် ၁၆၅,ဝ၀ဝ - ၂၀ဝ၀ - ၁၇၅,ဝ၀ဝ) ကို ၁၈၀,ဝ၀ဝ - ၂၀ဝ၀ - ၁၉၀,ဝ၀ဝ ကျပ် အထိတိုးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါ နှုန်းထားများအတိုင်း တိုးမြှင့်ပေးရန် အစိုးရအဖွဲ့သို့ စာတင်ထားပြီးဖြစ်ပြီး ဇူလိုင်လဆန်း ရက်များတွင် ခွင့်ပြုချက် ကျလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းအပြင် သူနာပြု သားဖွားလိုင်စင် မရှိဘဲ ပုဂ္ဂလိကဆေးရုံများတွင် သူနာပြုဝတ်စုံများ ဝတ်ဆင်နေခြင်းကို စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အစိုးရဆေးရုံများမှ သူနာပြုများ အဆင့်ဆင့် ရာထူးတိုးနိုင်ရေး ကိစ္စကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သူနာပြုများ စားစရိတ်အတွက် တစ်လလျှင် နှစ်သောင်းကျပ်၊ ဝတ်စုံဖိုးအတွက် တစ်နှစ် နှစ်သောင်းကျပ် ထုတ်ပေးမည့် အစီအစဉ်များ ပါဝင်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသော အဆိုကို ကိုယ်စားလှယ်များက ထောက်ခံခဲ့သော်လည်း မှတ်တမ်းတင် စောင့်ကြည်ရန် ဝန်ကြီး၏ ပြောကြားချက်ကြောင့် လွှတ်တော်ကပါ လက်ခံကြောင်း သဘောထား ရယူခဲ့သည်။



FOLLOW US