News

POST TAGGED AS

သူနာပြု

25-Mar-2017

သူနာပြု
သူနာပြုလိုင်စင် အဖြေရှာခြင်း

နေနှင့်အပြိုင် နီရဲနေသော ဆန္ဒပြလူငယ်များ ရာချီပေါ်လာသည်။

ရင်ဘတ်တွင် ပန်းရောင်ကြက်ခြေ ခတ်ဖဲပြားကို တပ်ဆင်ထားပြီး နဖူးတွင် “သူနာပြုရပ်ဝန်း ဖိနှိပ်မှုရပ်” ဆိုသည့်စာတန်းကို စည်းထားသော ထိုလူငယ်များမှာ အသက် ၂၀ ဝန်းကျင်များ ဖြစ်သည်။ 

ဒီမိုကရေစီ အစိုးရသစ်လက်ထက် အစိုးရဆေးရုံများတွင် သူနာပြုတာဝန် ထမ်းဆောင်နေသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းကာ လမ်းပေါ်ထွက် ပထမဦးဆုံး ဆန္ဒပြခြင်းလည်း ဖြစ်သည်။

ယင်းမှာ သူနာပြုတက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် သဘောတူ စာချုပ်များကို ဖောက်ဖျက်သည့် သူနာပြုနှင့် သားဖွားကို ပုဂ္ဂလိက ဆေးရုံများတွင် မခန့်အပ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်မှုအပေါ် သူနာပြုများက တုံ့ပြန်လိုက်ခြင်းပင်။

အစိုးရက သူနာပြုများ၏လိုင်စင်ကို ထိန်းသိမ်းထားခြင်းကို သူနာပြုများက “ပြည်သူ့ဆေးရုံများတွင် လိုင်စင်မဲ့သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ကို သင်သိပါသလား”ဟု ပြည်သူများကို မေးခွန်းထုတ်ခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ လုံခြုံမှု မရှိတော့ပါဘူး”ဟုလည်းကောင်း၊ “ပြည်သူများသည် အစမ်းသပ်ခံ မဟုတ်”ဟုလည်းကောင်း မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် စီတန်းလှည့်လည်မှုတွင် သူနာပြုများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ပြည်သူလူထုတွေက အစမ်းသပ်ခံ ဖြစ်နေတယ်လို့ ရေးတာတွေက မှားပါတယ်။ ဥပဒေအရ လိုင်စင်မရှိဘဲ အလုပ် လုပ်ခွင့်မရှိဘူး။ ခန့်ထားခွင့် မရှိဘူး”ဟု မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူက တုံ့ပြန်လိုက်သည်။

လိုင်စင် မရှိသည့်သူနာပြုမှာ သတ်မှတ်သည့် အရည်အချင်း မပြည့်မီသူဟု သတ်မှတ်ခံရနိုင်သည့်အတွက် သင်တန်းပြီးလျှင် လိုင်စင်တန်း လိုချင်သည့် သူနာပြုများနှင့် သင်တန်းပြီးလျှင် အစိုးရတာဝန် ထမ်းဆောင်စေသည့် အစိုးရတို့အကြားတွင် လိုလားချက်နှင့် အခက်အခဲ ကိုယ်စီ ရှိနေသည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် သူနာပြုနေရာ တစ်သောင်းခွဲ လစ်လပ်နေသည်။

သူနာပြုများကလည်း ကျောင်းပြီး။ သင်တန်းပြီးသည်နှင့် လိုင်စင်ကို လိုချင်ကြသည်။

“ပြည်သူကို ကုသရာမှာ လိုင်စင်ရှိဖို့ အရေးကြီးတယ်။ တစ်ခုခုဖြစ်သွားရင် လိုင်စင်ကို Hold (ရပ်ဆိုင်း) ထားလို့ရတယ်။ လိုင်စင်မရှိမှ ပြည်သူတွေက အစမ်းသပ်ခံ ဖြစ်နေတာ”ဟု ဒေါ်ဖြူဖြူက ရှင်းပြသည်။

အစိုးရက သူနာပြုတစ်ဦးကို တစ်လလျှင် ကျပ်တစ်သိန်းခြောက်သောင်း ငါးထောင် လစာပေးသည့် အခြေအနေတွင် ရန်ကုန်မြို့ရှိ နာမည်ရ ပုဂ္ဂလိက ဆေးရုံကြီးတစ်ခုတွင်မူ ဆယ်ရက်လျှင် ကျပ်နှစ်သိန်းခွဲ၊ တစ်လလုံးလျှင် တာဝန်ချိန် ၁၈ ရက်အတွက် ငါးသိန်းကျပ် လုပ်ခ လစာရရှိကြောင်း ပုဂ္ဂလိက ဆေးရုံတွင် အလုပ်ဝင်နေသူများထံမှ သိရသည်။

၎င်းတို့အများစုမှာ အစိုးရနှင့် ကတိကဝတ် ပြုထားသည့် အစိုးရဝန်ထမ်း လုပ်သက် သုံးနှစ် အပြည့်မထမ်းဘဲ လျော်ကြေးပေးကာ ပုဂ္ဂလိက ဆေးရုံများတွင် အလုပ်ဝင်နေသူများ ဖြစ်သည်။

“အစိုးရဆေးရုံမှာ လုပ်ရတာ ပျော်တယ်။ အစိုးရကလည်း ဆေးတွေ အလကားပေးတော့ လူနာတွေကို ပြုစုစောင့်ရှောက်ရတာ ပျော်တယ်။ ဒါပေမဲ့ ကျွန်တော့် မိသားစုက ကျွန်တော့်ပေါ် မှီခိုရတယ်။ ကျွန်တော့်အနေနဲ့တော့ လစာအနေအထားကြောင့် ထွက်ဖြစ်တာ”ဟု ခုတင် ၅၅၀ ဆံ့ မန္တလေး ကလေးဆေးရုံတွင် တစ်နှစ်ကြာ တာဝန်ထမ်းခဲ့သည့် အမျိုးသား သူနာပြုတစ်ဦးက ဆိုသည်။

ယခင်က အစိုးရဆေးရုံများတွင် တာဝန် မထမ်းဆောင်လိုပါက လျော်ကြေးပေးပြီး လိုင်စင် ထုတ်နိုင်သော်လည်း ယခု စနစ်အရ မရတော့။ ကျောင်းပြီးသူနာပြုများက သတ်မှတ်လိုင်စင်ကို လျော်ကြေးပေးကာ ပုဂ္ဂလိက ဆေးရုံတွင် လုပ်ကိုင်လိုသော်လည်း သတ်မှတ်ကာလ သုံးနှစ် မပြည့်ဘဲထွက်ပါက လိုင်စင်သိမ်းသည်။ 

ဆန္ဒပြပွဲ တောင်းဆိုချက်များတွင် လျော်ကြေးပေးပါက လိုင်စင် ထုတ်ပေးရန် အပါအဝင် စုစုပေါင်း ခြောက်ချက် တောင်းဆိုခဲ့ကြသည်။

သူနာပြုတက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် သဘောတူ စာချုပ်ကို ဖောက်ဖျက်သည့် သူနာပြုနှင့် သားဖွားကို ပုဂ္ဂလိက ဆေးရုံများတွင် မခန့်အပ်ရန် ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် ညွှန်ကြားချက် ရုပ်သိမ်းပေးရန်၊ သူနာပြုများ အလုပ်ထွက်ရခြင်းကို စစ်တမ်းကောက်ပြီး လက်တွေ့ကျကျ ဖြေရှင်းပေးရန် ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည်။

ယင်းအပြင် ကျောင်းပြီးလျှင် အမြဲတမ်း လိုင်စင် ထုတ်ပေးပြီး လျော်ကြေးပေးသူများကိုပါ လိုင်စင် ထုတ်ပေးရန်၊ တရားဝင် နုတ်ထွက်စာကို နုတ်ထွက်သည့်နေ့မှ ခြောက်လအတွင်း ထုတ်ပေးရန်တို့ကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။

အခါအားလျော်စွာ ထုတ်ပြန်သည့် သတင်း အချက်အလက်များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရန်နှင့် သူနာပြုနှင့် သားဖွားများ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင် အကာအကွယ်ပေးနိုင်ရန်ဟူသော အချက် ခြောက်ချက်ကို သူနာပြု ကျောင်းသားများက တောင်းဆိုခဲ့ကြသည်။

လစာတိုးပေးရန် လုပ်ဆောင်နေကြောင်း အစိုးရတာဝန်ရှိသူ အချို့က ဆိုသည်။

“လစာကိစ္စတွေလည်း အစိုးရအဖွဲ့မှာ ပြောထားပြီးသား။ ပြည်သူ့လွှတ်တော်က ခေါ်မလား စောင့်နေတာ။ ကျော်လုပ်လို့လည်း မရဘူးလေ။ (အဲဒီလို လုပ်နေတာကို မသိတော့) ကျောင်းသားတွေက (သူတို့ကို) ဂရုမစိုက်ကြဘူးလို့ ထင်တယ်”ဟု သူနာပြုလောကမှ အမည်မဖော်လိုသည့် ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆန္ဒပြမှုအပြီး နှစ်ရက်အကြာ မတ်လ ၁၇ ရက်တွင် ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စု ဝန်ကြီးနှင့် သူနာပြုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၁၅၀ဝ ခန့် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဆိုသော ရလဒ်ထွက်လာခဲ့သည်။

သူနာပြုများ လိုလားနေသည့် လိုင်စင် လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက်လည်း နိုင်ငံ့တာဝန် ထမ်းဆောင်သူများကို လိုင်စင်စာအုပ် ကိုင်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ဒေါ်ဖြူဖြူက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ခြင်းများ မပြုမီက သူနာပြု၊ သားဖွားနှင့် သူနာပြု သားဖွားများ သက်ဆိုင်ရာ ကျောင်းတွင် အောင်မြင်ပြီးပါက မှတ်ပုံတင်ပေးပြီး ယာယီလိုင်စင် ထုတ်ပေးထားကြောင်း၊ အလုပ်ဝင်သည့်အချိန်တွင် လိုင်စင်နံပါတ် ပေးထားပြီး နိုင်ငံ့ တာဝန်ထမ်းချိန် ပြည့်သည်နှင့် လိုင်စင် စာအုပ် ထုတ်ပေးကြောင်း ၎င်းက ရှင်းပြသည်။

“လိုင်စင် မလုပ်ပေးတာ မဟုတ်ဘူး။ လိုင်စင်နံပါတ် ပေးထားပြီးသား။ သူနာပြု မလုပ်ရင် ရက်ပေါင်း ၆၀ အတွင်း စာအုပ် ပြန်ပေးရမယ်”ဟု ဒေါ်ဖြူဖြူက ဆိုသည်။

နောင်တွင် ယခု ဆန္ဒပြခြင်းကဲ့သို့သော တောင်းဆိုမှု၊ ညှိနှိုင်းလိုမှုများ ရှိလာပါကလည်း ဌာနတွင်း မိသားစုသဖွယ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည်ဟု သူနာပြု၊ သားဖွား ကိစ္စရပ်များအတွက် ဆက်သွယ် ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့်အဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

အစိုးရသည် သူနာပြုတစ်ဦး သိပ္ပံ ဘွဲ့ရသည်အထိ ကျပ် ၄၇ သိန်းကျော်၊ သူနာပြုတစ်ဦး ဘွဲ့ရသည်အထိ ကျပ် ၂၅ သိန်းကျော်၊ သားဖွားတစ်ဦး ဘွဲ့ရသည်အထိ ကျပ် ၁၆ သိန်းကျော် ကုန်ကျခံ ရင်းနှီးမြှုပ်နှံခဲ့ပြီး အချိန်တန်လျှင် လျော်ကြေးပေးကာ ပုဂ္ဂလိကသို့ ပြောင်းရွှေ့ လုပ်ကိုင်ခြင်းမှာ အစိုးရဆေးရုံများအတွက် လိုအပ်ချက် များစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ထိုအချက်သည်လည်း အစိုးရ ဆေးရုံများအတွက် ရေရှည်တွင် ရတက် မအေးစရာ ဖြစ်နေသည်။

မြန်မာပြည် လူဦးရေ၏ ၇၀ ရာခိုင် နှုန်းဖြစ်သည့် ကျေးလက်ဒေသ နေသူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် သားဖွားဆရာမ အရေအတွက်၊ အရည်အသွေးနှင့် အခွင့်အရေးများကို မြှင့်တင်ပေးရန် အဓိက ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာ မျိုးဆက်သွေးက ပြောဆိုသည်။

“အဲဒီသူနာပြု၊ သားဖွားဆရာမတွေကို ထိန်းညှိ မြှင့်တင်ပေးဖို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှာ လောက်လောက်လားလား သူနာပြု ဌာနခွဲ မရှိတာဟာလည်း အတော့်ကို အသိဉာဏ်နုံနဲ့တဲ့ လွဲမှားမှုပါ”ဟု ဒေါက်တာ မျိုးဆက်သွေးက ဆိုသည်။

ကျောင်းသားများက ဖြေလျှော့မှုများ ပိုမိုပြုလုပ်ရန် တောင်းဆိုနေသော်လည်း လက်ရှိ ဥပဒေအရ ပိုတင်းကျပ်မည့်သဘောရှိသည်။

၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့က အာဏာ တည်ပြီးဖြစ်သည့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေကို ပြုစုပြီး စတုတ္ထ မူကြမ်းကို တင်ပြပြီးဖြစ်ရာ ယင်းဥပဒေ ထွက်ရှိပါက အာဆီယံ နိုင်ငံများနည်းတူ သူနာပြု၊ သားဖွားနှင့် သူနာပြုသားဖွားများ ကျောင်းပြီးစဉ်တွင် မှတ်ပုံတင်ပေးခြင်းကို အရည်အချင်းစစ်သည့် စာမေးပွဲစစ်၍ မှတ်ပုံတင်နှင့် လိုင်စင် ထုတ်ပေးရန် စီစဉ်နေသည်။

နိုင်ငံ့အနေအထားအရ ဝန်ထမ်း လိုအပ်ချက်များ ရှိနေပြီး အစိုးရက အမြောက်အမြား အမွေးထုတ်မည့်အစား အရည်အသွေး ပိုကောင်းသည့် သူနာပြုများကို မွေးထုတ်ပေးစေလိုကြောင်း သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရန်ကုန်)၏ ဥက္ကဋ္ဌ ကိုမင်းကျော်လင်းက ပြောဆိုသည်။

“နောင်လျှောက်မယ့်သူတွေ အနေနဲ့လည်း ကိုယ်ကျိုးစီးပွား မကြည့်ဘဲ ကိုယ် ဝါသနာပါ၊ ကိုယ်စိတ်ပါတာကို တက်စေချင်တယ်”ဟု ရန်ကုန် သူနာပြုတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုမင်းကျော်လင်းက ဆိုလိုက်သည်။

ရလေး

  • VIA


FOLLOW US