News

POST TAGGED AS

သူနာပြု

17-Mar-2017

သူနာပြု
ဆန္ဒပြ သူနာပြု သင်တန်းသားများကို အရေးမယူတော့ဟုဆို
နေပြည်တော်၊ မတ် ၁၇

သူနာပြုများ ဖိနှိပ်ခံရသည်ဟုဆိုကာ ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သော သူနာပြုကျောင်းသူ၊ ကျောင်းသားများကို  ကျောင်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သော်လည်း မတ်လ ၁၇ ရက်နေ ညနေ ပိုင်းတွင် ယင်းဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန်က အရေးယူရန် အစီအစဉ် မရှိတော့ကြောင်း The Voice သို့ ဆက်သွယ်ပြောကြားသည်။

သူနာပြုများ တောင်းဆိုဆန္ဒပြမှုနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရန်  ခုနစ်ဦးပါသော အဖွဲ့ကို ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့နှင့် ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ရန်ကုန်၌ တွေ့ဆုံခဲ့ပြီး နောက် ယခုကဲ့သို့ အရေးမယူတော့သည့် အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ပေးမည့် အခြေအနေ ရှိနေကြောင်း ဒုတိယ အမြဲတမ်းအတွင်းဝန်က ဆိုသည်။

မတ်လ ၁၅ ရက်က သူနာပြု ၅၀ဝ ကျော် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး  ညှိနိုင်းအဖြေရှာမှု မရရှိပါက သူနာပြု ကျောင်းသား၊ ကျောင်းသူများအနေနှင့် ဆက်လက်ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားထားသည်။

သူနာပြုဆရာမများသည် တစ်နိုင်ငံလုံးရှိ ကျန်းမာရေး စောင့်ရှောက်မှုတွင်  ဦးရေ ၁၅၀ဝ၀ ခန့် လစ်လပ်လျက်ရှိနေပြီး  ရာခိုင်နှုန်းဖြင့် ၅၂ ရာခိုင်နှုန်းကျော်သာ တာဝန်ထမ်း ဆောင်နေရခြင်းကြောင့် လိုအပ်ချက်များ ရှိနေကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သော ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လျော်ကြေးလေးသိန်းဖြင့် ထွက်ခွင့်မရှိတော့သည့်အပြင် နိုင်ငံ့ဆေးရုံတွင် သုံးနှစ်တာဝန်ထမ်းရမည် ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသော စည်းကမ်းကို လိုက်နာမှု မရှိပါက ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ်တာဝန်ပေးခြင်း မပြုကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

သူနာပြုများ ဆန္ဒပြပြီး နှစ်ရက်အကြာ မတ်လ ၁၇ ရက်နေ့တွင် သူနာပြုများ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သူနာပြုကျောင်းသား ၁၅၀ဝ ခန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

သူနာပြု တက္ကသိုလ် တက်ရောက်စဉ် ချုပ်ဆိုခဲ့သည့် စာချုပ်အတိုင်း နိုင်ငံ့တာဝန်ကို မပျက်မကွက် ထမ်းဆောင်ရန်နှင့် ဆန္ဒထုတ်ဖော်သူများကို အရေးယူရန် မရှိကြောင်း၊ သူနာပြုနှင့် သားဖွားများသည် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥပဒေပါ ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်၊ အလားတူ ကိစ္စများ ပေါ်လာပါက ဌာနတွင်းတွင်သာ မိသားစုသဖွယ် ဖြေရှင်းရန် အစရှိသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။



FOLLOW US