News

POST TAGGED AS

သူနာပြု

30-Dec-2016

သူနာပြု
နှစ်သစ် ၁ ရက်နေ့တွင် သူနာပြုများ ယူနီဖောင်း ပြောင်းဝတ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ 

၂၀၁၇ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ သူနာပြုများ ယူနီဖောင်း ပြောင်းဝတ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး (သူနာပြု) ဒေါ်ခင်မာကြည်က The Voice သို့ ပြောကြားသည်။
 
ယခင် ၀တ်စုံများကို ပြင်ဆင် ဖြည့်စွက်ထားသည့် သူနာပြု သားဖွား ၀တ်စုံများကို အစိုးရဆေးရုံများတွင် တာဝန် ထမ်းဆောင်နေသည့် သူနာပြုများ၊ သားဖွားဆရာမများ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ အားလုံး ပြောင်းလဲ ၀တ်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“လက်ရှိဝတ်စုံကို ပွဲတတ် ၀တ်စုံအဖြစ် ဆက်သုံးမယ်”ဟု ဒေါ်ခင်မာကြည်က ဆိုသည်။

ပြောင်းလဲ ၀တ်ဆင်ရမည့် ယူနီဖောင်း ပုံစံများမှာ ပွဲတက်အတွက် လက်ရှိ ၀တ်စုံကို အင်္ကျီခါး အရှည်ကို လက် လေးလုံးခန့် ထပ်ရှည်ထားပြီး ထဘီဖြန့်ဝတ်မှုကြောင့် ရောဂါပိုး ကူးစက်နိုင်သည့်အတွက် ထဘီများကို ချိတ်တပ်အဖြစ်ပြောင်းခြင်းဖြစ်ပြီး၊ လုပ်ငန်းခွင်အတွက် အင်္ကျီ၊ ဘောင်းဘီရှည်၊ ဦးထုပ်နှင့် ရှုးဖိနပ်တို့ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကဲ့သို့ ၀တ်စုံများကို ပြောင်းလဲ ၀တ်ဆင်ခြင်းမှာ အာဆီယံနိုင်ငံများနှင့် လိုက်လျောညီထွေ ဖြစ်ရန်၊ ခေတ်နောက် မကျရန်နှင့် ရောဂါပိုး ထိန်းချုပ်နိုင်ရန်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သူနာပြုများ၏ ၀တ်စုံအတွက် အစိုးရက စရိတ် ထောက်ပံ့ပေးမှုများ ရှိသော်လည်း ထောက်ပံ့သည့် စရိတ်မှာ နည်းပါးကြောင်း၊ ၀တ်စုံအသစ် ပြောင်းလဲ ၀တ်ဆင်ရန် အပ်ချုပ်ဆိုင်တွင် အပ်နှံရခြင်း၊ ရှုးဖိနပ် ၀ယ်ယူရန် ရှိခြင်းတို့ကြောင့် သူနာပြုတိုင်း ဇန်န၀ါရီလ ၁ ရက်နေ့တွင် ၀တ်စုံသစ်ကို ပြောင်းလဲ ၀တ်ဆင်နိုင်ဦးမည် မဟုတ်ကြောင်း သူနာပြု အသိုင်းအ၀ိုင်းက သိရသည်။

သူနာပြုများ ယူနီဖောင်း ပြောင်းလဲ ၀တ်ဆင်မှုနှင့် ပတ်သတ်၍ ပုဂ္ဂလိက ဆေးရုံများတွင်ပါ ပြောင်းလဲ ၀တ်ဆင်ရန် ဆက်လက် ညှိုနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါ်ခင်မာကြည်က ပြောကြားသည်။

နိုင်ငံတကာတွင် သူနာပြုများ လုပ်ငန်းခွင်အတွင်း လှုပ်ရှားမှု လွယ်ကူစေရန်နှင့် အ၀တ်အစားမှ ရောဂါပိုးမွှားကို လူနာကို မကူးစက်ရန် လွတ်လပ် ပေါ့ပါးသည့် ဘောင်းဘီရှည်၊ ဂါဝန်တိုများကို ၀တ်ဆင်စေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ယင်းသို့ ပြောင်းလဲမှုမှာ ကောင်းသော ပြောင်းလဲမှု ဖြစ်ကြောင်း ဆရာဝန်ကြီး တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သူနာပြုဦးရေ ၁၇၀၀၀ ခန့်ရှိကြောင်း ကုသရေး ဦးစီးဌာနထံမှ သိရသည်။

  • VIA


FOLLOW US